
စစ်ကောင်စီလက်အောက်ခံ အလုပ်သမားရေးရာဝန်ကြီးဌာနက ထပ်မံတင်းကျပ်လိုက်တဲ့ စည်းမျဉ်းစည်းကမ်းတွေကြောင့် ပြည်ပထွက်ခွာမဲ့သူတွေနဲ့ မြန်မာနိုင်ငံကို အလည်လာရောက်မဲ့ ပြည်ပရောက် မြန်မာတွေ အခက်ကြုံနေရကြပါတယ်။
ဇန်နဝါရီ ၁၁ ရက်မှာ ရုတ်တရက်ထုတ်ပြန်ပြီး ၁၂ ရက်မှာ ချက်ချင်း အရေးယူလိုက်တဲ့ အလုပ်သမားရေးရာဝန်ကြီးဌာနရဲ့ ကြေညာချက်ကြောင့် ပြည်ပထွက်ခွာမဲ့သူတွေ အရေးပေါ် အခက်ကြုံခဲ့ရသလို မြန်မာနိုင်ငံကို အလည်လာရောက်မဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေလည်း စိတ်ပူပန်နေကြရပါတယ်။
အလုပ်သမားသက်သေခံကတ် OWIC လက်ဝယ်ကိုင်ဆောင်ထားပြီး ပြည်ပကို ထွက်ခွာမဲ့သူတွေက ပြည်ပထွက်ခွာခွင့်ကို စာရွက်စာတမ်း အပြည့်အစုံပြင်ဆင်ကာ အလုပ်သမားဦးစီးဌာနကို လိပ်မူ လျှောက်ထား ပေးပို့ရမှာ ဖြစ်ပါတယ်။
အလုပ်သမားဦးစီးဌာနရဲ့ ပြည်ပထွက်ခွာခွင့်ပြုတဲ့စာရင်းမှာ ပါဝင်မှသာ ပြည်ပကို ပြန်လည် ထွက်ခွာခွင့်ရမှာ ဖြစ်တဲ့အတွက် ခွင့်ရက်နဲ့ အလည်ပြန်မဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ အခက်ကြုံနေကြရပါတယ်။
မြန်မာနိုင်ငံကို အလည်လာရောက်ဖို့ ပြင်ဆင်ထားပြီးမှ အခုလို ကြေညာချက် ရုတ်တရက် ထွက်ပေါ်လာတဲ့အပေါ် လေယာဉ်လက်မှတ်ဖိုးတွေ ဆုံးရှုံးရမလို ဖြစ်နေကြောင်း စင်ကာပူနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတယောက်က ပြောပါတယ်။
“အမဆို နယ်ကိုပြန်ရမှာ၊ ဖလိုက်က နှစ်ခါစီးရမှာ၊ ရန်ကုန်ကို တခါစီးရမယ်၊ အမနေတဲ့ နယ်ကို တခါပြန်စီးရမယ်၊ ဆိုတော့ ဖလိုက်က ၂ ခါ ဆုံးရှုံးရမှာပေါ့။ ပြန်ရမဲ့အနေအထားနဲ့က ရွှေ့မရတဲ့ ဖလိုက်တွေပဲ ဝယ်ထားမိတာ ဆိုတော့။ အဲဒါတွေ အကုန်လုံးက ဆုံးမဲ့သဘောမှာဖြစ်နေတယ်။ ဆန်းဒေးလို ညနေကြီးမှာ စာထုတ်တယ်လို့ လေဆိပ်က ပြောတယ်၊ မန်းဒေးလို မနက်မှာ ချက်ချင်းကြီး အက်ရှင်ယူတဲ့အခါကျတော့ ဘယ်နေ့ ဘယ်ဒိတ်မှာ effected ဖြစ်မယ်ဆိုတာ ရုံးဝန်ထမ်း လုပ်ဖူးတဲ့သူတိုင်း နားလည်တဲ့ အခြေခံအချက်ပဲ။ အဲဒါကို ချက်ချင်း အက်ရှင်ယူပြီး လုပ်တာမျိုးကလေ နိုင်ငံခြားမှာ ခက်ခက်ခဲခဲ ရှာဖွေစားသောက်နေတဲ့ အလုပ်သမားတွေကို တမင်တကာ ဒုက္ခပေးနေတယ်လို့တောင် ခံစားမိတယ်။”
ထုတ်ပြန်ချက်က ဇန်နဝါရီ ၁၁ ရက် တနင်္ဂနွေ ရုံးပိတ်ရက်မှာ ထွက်ပေါ်လာခဲ့ပြီး ၁၂ ရက် တနင်္လာနေ့မှာ ချက်ချင်း အရေးယူခဲ့တာကြောင့် လေဆိပ်ရောက်ပြီးမှ ပြည်ပထွက်ခွာခွင့် ပိတ်ပင်ခံလိုက်ရတဲ့ OWIC ကိုင်ဆိုင်သူ မြန်မာနိုင်ငံသား အများအပြား ဆုံးရှုံးမှုတွေ ရှိခဲ့ကြပါတယ်။
အရင်က အလုပ်သမားဝန်ကြီးဌာနကို အသိပေးစာ အီးမေးလ် ပေးပို့ရုံနဲ့ ထွက်ခွာခွင့်ရမှာဖြစ်ပြီး အခုအခါမှာတော့ အလုပ်သမားဝန်ကြီးဌာနရဲ့ ခွင့်ပြုကြောင်း ထုတ်ပြန်ချက် လက်ခံရရှိမှသာ ထွက်ခွာခွင့်ရမှာလည်း ဖြစ်တဲ့အတွက် ခွင့်ရတဲ့ ရက်အတွင်း ပြည်ပပြန်လည်ထွက်ခွာခွင့် မရမှာကို စိုးရိမ်နေကြတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံကို အလည်ပြန်ဖို့ ပြင်ဆင်နေတဲ့ မလေးရှားရောက် မြန်မာနိုင်ငံသားတယောက်ကလည်း OWIC ကိုင်ဆောင်ထားတဲ့ တရားဝင်အလုပ်သမားတွေကို ထပ်မံတင်းကျပ်လိုက်တဲ့အပေါ် မတရားကြောင်း ပြောပါတယ်။
“ဒါကိုတွေ့ပြီးတဲ့ အချိန်မှာတော့လေ မြန်မာနိုင်ငံကို ဘယ်ချိန်မှ ပြန်ရတော့မလဲ မသိတော့ဘူး ဆိုပြီးတော့ စိတ်ကုန်သွားတဲ့ ခံစားချက်မျိုး ရတယ်။ ပြောစရာစကားတောင် မရှိလောက်တဲ့ အခြေအနေပါပဲ။ ဘာလို့လဲဆိုတော့ ကိုယ်တွေလို နိုင်ငံခြားမှာ အလုပ်လုပ်တဲ့သူတွေက သူတို့ နိုင်ငံအတွက် အခွန်တွေလည်း ဆောင်တယ်၊ ငွေလွှဲတာကအစ တရားဝင်လွှဲမှ မြန်မာနိုင်ငံ ပြန်လို့ အဆင်ပြေမယ်ဆိုလို့ အားလုံးက ငွေဈေးအနှိမ်ခံရတာ၊ အခက်အခဲရှိတာတွေ ရှိပေမဲ့ အော် ဒါက သက်သေအထောက်အထား ယူသွားတာပဲလေ ဆိုတဲ့စိတ်နဲ့ နေခဲ့ကြတာ။ OWIC လုပ်ထားပြီး နိုင်ငံခြားရောက်နေတဲ့သူတွေ အကုန်လုံးသည် သူတို့ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို တရားဝင်လိုက်နာပြီး မြန်မာနိုင်ငံပြန်ဖို့ စီစဉ်နေတဲ့သူတွေချည်းပဲ။ ဘယ်လိုရည်ရွယ်ချက်နဲ့ လုပ်လဲ နားမလည်ပေမဲ့ တကယ် OWIC လုပ်ထားပြီးတော့ တရားဝင်လုပ်နေတဲ့သူတွေ အတွက်ကိုတော့ မတရားတဲ့ စည်းမျဉ်း စည်းကမ်းတွေလို့ပဲ ထင်ပါတယ်။”
အလုပ်သမားရေးရာဝန်ကြီးဌာနရဲ့ ထပ်တိုးအသိပေးကြေညာချက်မှာတော့ “၂၀၂၅ ခုနှစ် မတ်လမှာ ကြေညာခဲ့တဲ့ အေဂျင်စီနဲ့ဖြစ်စေ မိမိအစီအစဉ်နဲ့ဖြစ်စေ ကျွမ်းကျင်ခွင့်ပြန်နဲ့ ပြည်ပထွက်ခွာမဲ့သူတွေက ပိတ်ရက်မပါ ၅ ရက် ကြိုတင်အကြောင်းကြားစာ ပို့ထားဖို့ လိုအပ်ကြောင်း” ထုတ်ပြန်ချက်ပါ အပိုဒ် ၁ ကို မလိုက်နာတဲ့အတွက်ကြောင့် အခုလို ထပ်မံ တင်းကျပ်တာလို့ ဖော်ပြထားပါတယ်။
ဇန်နဝါရီ ၁၄ ရက်က စလို့ သတ်မှတ်စည်းကမ်းတွေနဲ့အညီ အလုပ်သမားရေးရာ ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ရပြီးမှသာ ပြည်ပထွက်ခွာခွင့်ရမှာဖြစ်ပြီး ခွင့်ပြုချက်ရတဲ့ သတ်မှတ်ရက်အတွင်း မထွက်ခွာနိုင်ရင် အစက ပြန်လည်တင်ပြ ခွင့်ပြုချက် တောင်းခံရမှာဖြစ်တယ်လို့ သိရပါတယ်။
ဝေဝေ


