Home
မြန်မာသတင်း
မြစ်ဆုံစီမံကိန်းကို မကန့်ကွက်သင့်ဟု စစ်ကောင်စီဝန်ကြီး ပြော
DVB
·
January 13, 2026

မြစ်ဆုံစီမံကိန်း အောင်မြင်ပါက ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပြီး အကျိုးဆက်ကို နောင်မျိုးဆက်တွေ ခံစားရမှာဖြစ်တဲ့အတွက် မြစ်ဆုံစီမံကိန်းကို မကန့်ကွက်သင့်ကြောင်း စစ်ကောင်စီခန့်ဝန်ကြီး ဦးတင်အောင်စန်းက ပြောပါတယ်။

ဇန်နဝါရီ ၁၀ ရက်က ကချင်ပြည်နယ်နေ့ ပြုလုပ်စဥ် စစ်ကောင်စီခန့် သမ္မတရုံးဝန်ကြီး ဦးတင်အောင်စန်းက မြစ်ကြီးနားမှာ ဌာနဆိုင်ရာတွေ၊ မြို့မိမြို့ဖတွေ၊ ဘာသာရေးအသင်းအဖွဲ့တွေနဲ့ တွေ့ဆုံစဥ် ပြောဆိုခဲ့တာပါ။

အဲဒီတွေ့ဆုံပွဲမှာ ဦးတင်အောင်စန်းက “ရေအားလျှပ်စစ်မှာ ကုန်ကျစရိတ် အသက်သာဆုံး ဖြစ်တာကြောင့် မေခ၊ မလိခ မြစ်နှစ်ခုမှ ပေါင်းစည်းပေးသည့် ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို ဒေသခံတွေအနေနဲ့ ကန့်ကွက်ရန် မသင့်ကြောင်းနဲ့ စီမံကိန်း အောင်မြင်ပါက ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်သလို အဲဒီရလာတဲ့ အကျိုးခံစားခွင့်များကို နောင်မျိုးဆက်များက ခံစားရမှာဖြစ်တယ်” လို့ ပြောဆိုခဲ့တာပါ။

စစ်ကောင်စီခန့် ဝန်ကြီးတွေက မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ဖို့ စီမံအချက်အလက်တွေကို ရှင်းပြပေမဲ့ ဒေသခံတွေအနေနဲ့ ပြန်လည်တင်ပြမှုတွေ ရှိတာကြောင့် တည်ဆောက်ရေးကို အတည်ပြုလို့ မရသေးကြောင်း Non CDM ဝန်ထမ်းတယောက်က DVB ကို ပြောပါတယ်။

“မြစ်ဆုံနဲ့ပတ်သက်ပြီး စစ်တပ်ကအဖွဲ့တွေ ဒေသခံတွေနဲ့ လာတွေ့တာ ၃ ကြိမ်ရှိပြီ။ ဒုတပ်ချုပ်ရယ်၊ ဝန်ကြီးချုပ်ရယ်၊ ပြည်ထောင်စုဝန်ကြီးတွေရယ်၊ ရောက်တိုင်း မြစ်ဆုံပြန်စဖို့ပဲ ပြောတယ်။ မြို့ခံတွေရော အသင်းအဖွဲ့တွေရော သဘောတူတာ မရှိဘူး၊ ကန့်ကွက်ဆန္ဒပြနေတဲ့ အဖွဲ့တွေလည်း ရှိတယ်။ သူတို့ရှင်းပြနေတာက မရရအောင် ဆောက်မဲ့သဘောရှိတယ်။”

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်ကလည်း ဒုစစ်ခေါင်းဆောင်က မြစ်ကြီးနားမြို့နယ်မှာ ဌာနဆိုင်ရာ ဝန်ထမ်းတွေနဲ့ တွေ့ဆုံပွဲမှာ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ပြန်လည် အကောင်အထည် ဖော်သွားမယ်လို့ ပြောဆိုခဲ့တာလည်း ရှိပါတယ်။

စစ်ကောင်စီက ၂၀၂၅ ခုနှစ် သြဂုတ် ၂၇ ရက်မှာ လျှပ်စစ်စွမ်းအား ဒုဝန်ကြီး ဦးဆောင်တဲ့ ဧရာ၀တီမြစ်ဆုံ-မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့ကို ၁၃ ယောက်နဲ့ ဖွဲ့စည်းခဲ့ပြီး အဆိုပါအဖွဲ့မှာ တရုတ် ယူနန်ပြည်နယ်မှ SPIC Yunan International Power Investment Co.,Ltd (SPICYN) နဲ့အတူ ပူးပေါင်းဆောင်ရွက်မယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဧရာဝတီမြစ်ဆုံစီမံကိန်းကို ၂၀၀၂ ခုနှစ် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ လက်ထက်ကတည်းက လေ့လာကာ တရုတ် CPI ကုမ္ပဏီနဲ့ အကျိုးတူ လုပ်ကိုင်ခဲ့ပြီး ဒေသခံနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့တွေက ကန့်ကွက်မှုကြောင့် ၂၀၁၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်မှာ ဦးသိန်းစိန် အစိုးရက ရပ်နားခဲ့တာဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013