
အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲ ဒုတိယပိုင်းမှာ မွန်ပြည်နယ်အတွင်း လွှတ်တော် အသီးသီးအတွက် မွန်ညီညွတ်ရေးပါတီ (MUP) ၁၇ နေရာ အနိုင်ရရှိခဲ့တယ်လို့ မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ဇန်နဝါရီ ၁၂ ရက်က ထုတ်ပြန်ပါတယ်။
ပြည်သူ့လွှတ်တော် ၅ နေရာ၊ အမျိုးသားလွှတ်တော် ၅ နေရာနဲ့ ပြည်နယ်လွှတ်တော် ၇ နေရာ စုစုပေါင်း ၁၇ နေရာနဲ့ မွန်ပြည်နယ်မှာ ဒုတိယအများဆုံး အနိုင်ရရှိခဲ့တာပါ။
စစ်တပ်ပါတီဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)ကတော့ ပြည်သူ့လွှတ်တော် ၅ နေရာ၊ အမျိုးသားလွှတ်တော် ၅ နေရာ၊ ပြည်နယ်လွှတ်တော် ၉ နေရာနဲ့ တိုင်းရင်းသား ကိုယ်စားလှယ်နေရာ ၂ နေရာ အပါအဝင် စုစုပေါင်း ၂၁ နေရာနဲ့ အများဆုံး အနိုင်ရရှိခဲ့တယ်လို့ ဆိုပါတယ်။
တခြားပါတီတွေအနေနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီနဲ့ အမျိုးသားအကျိုး စီးပွားတိုးတက်ရေး ပါတီတို့က ၂ နေရာစီ အနိုင်ရရှိခဲ့ပြီး ပအိုဝ်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ပြည်သူ့ပါတီနဲ့ ပြည်သူ့ရှေ့ဆောင်ပါတီတို့က ၁ နေရာစီ ရရှိခဲ့ကြောင်း သိရပါတယ်။
မွန်ပြည်နယ်အတွင်း လွှတ်တော်ကိုယ်စားလှယ်နေရာ စုစုပေါင်း ၄၅ နေရာအတွက် နိုင်ငံရေးပါတီ ၇ ပါတီမှ ကိုယ်စားလှယ်များ ရွေးချယ်ခံခဲ့ရတယ်လို့ မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားသလို နိုင်ငံတကာအသိုက်အဝန်းကလည်း လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။
ကုလသမဂ္ဂကလည်း တရားမဝင်ရွေးကောက်ပွဲဖြစ်တယ်လို့ ပြောထားသလို မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ကတော့ ဒီရွေးကောက်ပွဲကနေ အနိုင်ရထွက်ပေါ်လာမဲ့ ဘယ်အဖွဲ့အစည်းကိုမှ အဆောတလျင် အသိအမှတ်ပြုတာတွေလုပ်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။


