
ရွေးကောက်ပွဲ ဒုတိယပိုင်းလုပ်တဲ့ တိုင်းနဲ့ ပြည်နယ် ၁၂ ခုထဲမှာ ရန်ကုန်တိုင်းကလွဲပြီး ကျန်နေရာတွေမှာ တိုက်ပွဲတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ရှိခဲ့ပါတယ်။
တရုတ်ရဲ့အစီအစဉ်နဲ့ ပြုလုပ်တဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း ၂ ကို ဇန်နဝါရီ ၁၁ ရက်က တိုင်းနဲ့ ပြည်နယ် ၁၂ ခုမှာ ပြုလုပ်ခဲ့ပြီး မြို့နယ်ပေါင်း ၁၀၀ ပါဝင်ပါတယ်။
ဒါပေမဲ့ မြို့နယ်အများစုမှာ တိုက်ပွဲတွေ၊ လေကြောင်းဗုံးကြဲမှုတွေ ဖြစ်ခဲ့ပြီး ရွေးကောက်ပွဲနေ့မှာတင် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါတယ်။
အထူးသဖြင့် ပဲခူး၊ စစ်ကိုင်း၊ မကွေးတိုင်းဘက်တွေမှာ ဖြစ်ပြီး မြန်မာပြည်အောက်ပိုင်း တနင်္သာရီတိုင်းမှာတော့ ကျွန်းစုနဲ့ တနင်္သာရီမြို့နယ်တွေမှာ ရွေးကောက်ပွဲလုပ်ခဲ့ကာ ရေဖြူမြို့နယ်မှာတော့ ကြံ့ခိုင်ရေးပါတီက မပြိုင်ခင်ကတည်းက အနိုင်ရခဲ့ပါတယ်။
တနင်္သာရီမြို့ခံ အမျိုးသားတယောက်က “တကယ်တမ်း ရွေးကောက်ပွဲလုပ်တဲ့ အချိန်မှာတော့ မြို့ပေါ်မှာရှိတဲ့ ရပ်ကွက်နဲ့ ဇဝဲ (ခမရ ၅၆၆) တပ်ရင်းနေရာ ၂ နေရာပဲ သူတို့လုပ်သွားတာ တွေ့ရတယ်။ ကျွန်းစုမြို့နယ်အတွင်းမှာ ဆိုရင်တော့ ကျေးရွာအုပ်စုတခုကလွဲရင် ကျန်တဲ့နေရာ အားလုံးမှာ ကျင်းပမယ်လို့ ပြောတယ်။ ရွေးကောက်ပွဲ မလုပ်ခင်ကတည်းကလည်း ဒီ ကျွန်းစုမြို့နယ်တွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီရဲ့ ရေတပ်တွေ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်ပေါ့နော်။ ရွေးကောက်ပွဲ မဲပေးတဲ့အချိန်မှာတော့ မဖြစ်မနေ သွားရောက် မဲပေးရမဲ့ တချို့သွားကြတဲ့ အခြေအနေမျိုးတော့ ရှိတယ်။ မဲမပေးမနေရ ဆိုတာမျိုးနဲ့ အုပ်ချုပ်ရေးမှူးတွေက ဖိအားပေး လုပ်ခဲ့တာတွေ ရှိတယ်” လို့ ပြောပါတယ်။
ရွေးကောက်ပွဲနေ့မှာပဲ တနင်္သာရီမြို့နယ်ထဲက မော်တုန်းရွာနဲ့ ကမ်းတိုရွာကို စစ်တပ်က ဒရုန်းနဲ့ ဗုံးချလို့ ဒေသခံတယောက် ထိခိုက်ခဲ့သလို ကျွန်းစုဘက်မှာလည်း စစ်သင်္ဘောတွေသုံးပြီး စစ်ကြောင်းထိုးနေကာ ကျောက်တန်းငယ်ကျေးရွာက နေအိမ်တွေကို မီးရှိုခဲ့ပါတယ်။
ရေဖြူမြို့ဘက်မှာတော့ တော်လှန်ရေးတပ်တွေက ဒီဇင်ဘာ ၁၂ ရက်တည်းက မြို့ပေါ် ဌာနဆိုင်ရာ ရုံး ၆ ခုကို မီးရှို့ပြီး ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ပစ္စည်းတွေကို သိမ်းဆည်းခဲ့ပါတယ်။
ရန်ကုန်တိုင်းမှာတော့ စစ်ခေါင်းဆောင်ကိုယ်တိုင် မဲရုံတွေ သွားကြည့်ခဲ့သလို လုံခြုံရေး အထပ်ထပ်ချထားပြီး ပေါက်ကွဲမှုသတင်း မကြားပေမဲ့ မဲပေးသူ နည်းပါးတာကြောင့် တိုက်ခန်းတွေထိ လိုက်ပြီး နှိုးဆော်ခဲ့ရတယ်လို့ မြို့ခံက ပြောပါတယ်။
ပဲခူးတိုင်း ၁၂ မြို့နယ်ထဲမှာတော့ ရွေးကောက်ပွဲနေ့မှာတင် ဖြူးမြို့နယ်၊ ထန်းတပင်မြို့နယ်၊ မင်းလှမြို့နယ်နဲ့ ပေါင်းတည်မြို့နယ်တွေက စစ်တပ်နေရာ ၈ ခုကို ထိုးစစ်ဆင်ခဲ့ကြောင်း ပဲခူးတိုင်းစစ်ဌာနက ထုတ်ပြန်ပါတယ်။
ဒါ့အတူ ရွေးကောက်ပွဲနေ့ မြို့ပေါ် မဲရုံနားမှာ မိုင်းကွဲခဲ့တဲ့ မင်းလှမြို့မှာတော့ မဲမထည့်ရင် ထောင်ချမယ်အထိပါ ခြိမ်းခြောက်ခဲ့တယ်လို့ မြို့ခံ အမျိုးသားတယောက်က ပြောပါတယ်။
“မနေ့ကတည်းက ပြည်သူတွေကို မဲလာမထည့်ရင် ဒဏ်ငွေ ၃ သိန်း၊ ထောင်ဒဏ် ၃ နှစ်ဆိုပြီး ခြိမ်းခြောက်တယ်။ မဲမထည့်တဲ့ လူငယ်တွေကို ခုအပတ် စစ်မှုထမ်းရမယ်လို့ အုပ်ကြီးတွေ ခြိမ်းခြောက်တယ်။ ပြည်သူတွေကတော့ ကြောက်လို့သာ မဲပေးရတယ်။ အများစုက မဲထည့်တာကို လူသိမှာ ကြောက်နေကြတာ။ မြို့ထဲမှာရော ရွာဘက်မှာပါ။ စစ်ရှောင်နေတဲ့ ပြည်သူတွေကိုလည်း ရွာမှာ ပြန်မနေရင် အိမ်ချိပ်ပိတ်မယ် ခြိမ်းခြောက်တယ်။”
ဒါ့အတူ ကျောက်တံခါးမြို့နယ်ထဲက ပဲနွယ်ကုန်းမြို့နားက ခမရ ၃၀၇ တပ်ရင်းဝန်းကျင်မှာလည်း ဇန်နဝါရီ ၁၁ ရက်ကနေ အခုချိန်အထိ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မန္တလေးတိုင်းမှာတော့ မြင်းခြံမြို့နယ်မြောက်ခြမ်းက ကျောက်ကုန်းရွာ ပျူစခန်းကို တော်လှန်ရေး ပူးပေါင်းတပ်တွေက စီးနင်းတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် ၂ တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
မွန်ပြည်နယ်မှာတော့ ရွေးကောက်ပွဲအပိုင်း ၂ ကျင်းပနေချိန် ရေးမြို့ပေါ်ရပ်ကွက်မှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး စစ်တပ် ဂိတ်စခန်းတချို့မှာလည်း နှစ်ဖက်ပစ်ခတ်မှု ဖြစ်ခဲ့ပါတယ်။
ကရင်ပြည်နယ်မှာတော့ ဒုတိယပိုင်း ကျင်းပတဲ့ ပိုင်ကျုံမြို့ အပါအဝင် အနီးနားက ကျေးရွာတွေကို စစ်တပ်က Lockdown ချပြီး မဲထည့်ခိုင်းခဲ့သလို လှိုင်းဘွဲတမြို့နယ်လုံးမှာ စစ်ရေးတင်းမာနေပါတယ်။
ကယားပြည်နယ်မှာတော့ ရွေးကောက်ပွဲနေ့မှာတင် ဖရူဆိုနဲ့ ဒီးမော့ဆိုမြို့နယ်က ရွာတွေကို စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ လူနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။ ဒီမြို့နယ်တွေမှာ စစ်ရေးတင်းမာနေတဲ့ နေရာတွေဖြစ်ပြီး မဲပေးခွင့်ရှိသူ အများဆုံး နေထိုင်တဲ့ နေရာတွေကို ကရင်နီတပ်တွေက ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းထဲက ၁၁ မြို့နယ်မှာလည်း ရွေးကောက်ပွဲပြုလုပ်ခဲ့ပြီး အများစုက စစ်ရေးတင်းမာနေတဲ့ နေရာတွေ ဖြစ်နေပါတယ်။
ဆားလင်းကြီးမြို့နယ်ထဲ ပစ်ခတ်မှုရှိခဲ့သလို မြို့သိမ်းတိုက်ပွဲ ဆင်နွှဲခဲ့တဲ့ ဘုတလင် အပါအဝင် ဒီပဲယင်း၊ ချောင်းဦးနဲ့ ရေဦးမြို့ပေါ်တွေမှာ ရွေးကောက်ပွဲပြုလုပ်ချိန် စစ်တပ်က ကျေးရွာတွေဘက်ကို လက်နက်ကြီးပစ်ခတ်သလို လေကြောင်းနဲ့လည်း ဗုံးကြဲခဲ့ပါတယ်။
ရေဦးအနောက်ပိုင်းဇုန် သတင်းဆက်သွယ်ရေးတာဝန်ခံ ကိုထူးခန့်ဇော်က “ကျနော်တို့ ကျေးရွာအများစု ဆိုတာက သူတို့ဘက်ကလည်း ပြည်သူတွေကို စည်းရုံးလို့မရဘူး။ နောက်ပြီးတော့ မဲထည့်ခိုင်းလို့ မရဘူး။ ကျေးရွာတွေ အများစုကလည်း တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေကျေးရွာတွေ ဖြစ်တဲ့အတွက် သူတို့ဘက်ကို မဲမပေးတဲ့အတွက် ပြည်သူလူထုကို ဒါ သူတို့က အကုန်လုံး ပစ်မှတ်ထားပြီးတော့ မြို့ပေါ်ကလွဲရင် ကျေးရွာအများစုကို ဗုံးပတ်ကြဲ တိုက်ခိုက်နေတယ်လို့ ခန့်မှန်းသုံးသပ်ရပါတယ်ဗျ” လို့ ပြောပါတယ်။
ရွေးကောက်ပွဲနေ့မှာ တိုက်ပွဲမရှိဘဲ ကျေးရွာတွေ၊ စာသင်ကျောင်းနဲ့ ဆေးရုံတွေအပေါ် ဗုံးကြဲတိုက်ခိုက်တာဟာ ကြီးမားတဲ့ စစ်ရာဝတ်မှုဖြစ်ပြီး နိုင်ငံတကာကိုလည်း သိစေချင်တယ်လို့ ကိုထူးခန့်ဇော်က ပြောပါတယ်။
စစ်ကိုင်း၊ ပဲခူးနည်းတူ မကွေးတိုင်းထဲက ၁၁ မြို့နယ်မှာလည်း တိုက်ပွဲ၊ ပစ်ခတ်မှုနဲ့ ဗုံးကြဲမှုတွေ ရှိခဲ့ပါတယ်။
အထူးသဖြင့် စလင်းမြို့နယ်မှာ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ တော်လှန်ရေးတပ်တွေက မြို့ပေါ်က စစ်တပ်စခန်းကို ရှေ့ာတိုက်ဒုန်းနဲ့ ပစ်ခတ်ခဲ့သလို စစ်တပ်ကလည်း ရွာတွေဘက်ကို လက်နက်ကြီး ပြန်ပစ်ခဲ့ပြီး စစ်ဘေးရှောင်တွေကို နှစ်ရက်ဆက် ဒရုန်းနဲ့ဗုံးကြဲလို့ လူ ၂၀ ကျော် ဒဏ်ရာရခဲ့တာပါ။
ဒါ့အပြင် မဲရုံတွေ စစ်ဆေးပြီး ပြန်လာတဲ့ ကမ္မမြို့နယ် အုပ်ချုပ်ရေးမှူးရဲ့ကား ပစ်ခတ်ခံရလို့ နေရာတင် သေဆုံးခဲ့သလို ဂန့်ဂေါဘက်မှာလည်း ရွေးကောက်ပွဲ ကျင်းပစဉ် ပစ်ခတ်လို့ ဗိုလ်ကြီးအဆင့် အပါအဝင် တပ်ဖွဲ့ဝင် ၆ ယောက် ထိခိုက်ခဲ့ပါတယ်။
တရုတ်ရဲ့ မီးစိမ်းပြမှုနဲ့ ကျင်းပနေတဲ့ ရွေးကောက်ပွဲကို နိုင်ငံတဝန်း ဆန့်ကျင်မှုတွေ ကြုံတွေ့နေရပေမဲ့ ဇန်နဝါရီ ၂၅ ရက်မှာ တတိယပိုင်းကျင်းပဖို့ ရှိနေသလို လာမဲ့ မတ်လမှာ လွှတ်တော်တွေ စတင်မယ်လို့ ပြောထားပါတယ်။
စိုးသူအောင်


