
ဇန်နဝါရီ ၁၁ ရက်က ကျင်းပခဲ့တဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ဒုတိယပိုင်းမှာလည်း ပထမပိုင်းတုန်းကလိုပဲ မဲပေးစက်ပြဿနာတွေ၊ ကြိုတင်မဲနဲ့ အနိုင်ရရှိခဲ့တာတွေ ကြုံတွေ့နေရပြီး ဒီအခြေအနေတွေကို ရွေးကောက်ပွဲကော်မရှင်က တစုံလုံး ဖြေရှင်းမပေးနိုင်ဘူးလို့ လေ့လာသူတွေနဲ့ နိုင်ငံရေးပါတီတွေဘက်က ပြောပါတယ်။
ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်က ရွေးကောက်ပွဲဒုတိယပိုင်းမှာ ပါဝင်တာဖြစ်ပြီး ပြည်သူ့ပါတီက ကြံ့ခိုင်ရေးပါတီကို မဲထက်ဝက်ကျော်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ မဲတွက်ချက်တဲ့နေရာမှာ အမှားအယွင်းတွေ ရှိနေတာဖြစ်လို့ ပြန်လည်စိစစ်ပေးဖို့ လိုလားကြောင်း ကော့မှူးမြို့နယ်က ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပြည်သူ့ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်ကျော်ထွေးက DVB ကို ပြောပါတယ်။
“အခု ကျနော်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးမှာပေါ့၊ ကျနော့် ပြည်သူ့လွှတ်တော်ရလဒ်တော့ သိရပါပြီ၊ ပြည်ခိုင်ဖြိုးပါတီက မဲ ၃၀,၀၀၀ ကျော်၊ ကျနော်က မဲ ၁၂,၀၀၀ ကျော်နဲ့ ဒုတိယတော့ရတယ်၊ ရှုံးတယ်ပေါ့။ ကျနော်က တော်တော်အားစိုက်ထားပြီး လုပ်ထားတယ်။ မြို့နယ် ကျေးရွာအနှံ့ စည်းရှုံးလှုံ့ဆော်ထားတဲ့ ကြားထဲက အခုလိုမျိုး ဖြစ်တဲ့အပေါ်မှာတော့ စိတ်မကောင်းဘူး။ စက်က ထွက်လာတာ မှန်တယ် မှားတယ် ထားတော့ လူကလုပ်တဲ့ဟာကျတော့ အဆင့်ဆင့် လုပ်ရတယ်လေ။ ညကဆိုရင်လည်း ၁၁ နာရီ ၁၂ နာရီထိ အလုပ်လုပ်ကြရတဲ့ အခါမှာ အမှားအယွင်း ရှိနိုင်တယ်။ အဲဒီအတွက် ကျနော်က ပြန်လည်စစ်ဆေးချင်လို့ မိတ္တူကူးပေးပါဆိုပြီး ကျနော်တောင်းတော့ သူတို့က အထက်က ညွှန်ကြားချက်မရှိလို့ မပေးနိုင်ဘူးပေါ့။ ကျနော်ကတော့ ခရိုင်၊ တိုင်း၊ နောက်ဆုံး နေပြည်တော် UEC ထိ အဆင့်ဆင့်တက်တောင်းဖို့ထိ စဉ်းစားထားပါတယ်။”
မဲရေတွက်တဲ့ပုံက မဲပေးစက်ခလုတ်ကနေ မဲပေးတဲ့ပါတီ အရေအတွက်ကို ရေတွက်တာမဟုတ်ဘဲ မဲစက်က ထွက်ကျလာတဲ့ ဖြတ်ပိုင်းစာရွက်နဲ့ မဲရေတွက်တာဖြစ်ပြီး မဲရုံတာဝန်ရှိသူတွေက ဂဏန်းပေါင်းစက်တွေ အသုံးပြုပြီး တွက်ချက်တာဖြစ်လို့ အမှားအယွင်းတွေ ရှိနိုင်ကြောင်း ဆက်ပြောပါတယ်။
ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP-ကျားဖြူပါတီ) က ရွေးကောက်ပွဲ ဒုတိယပိုင်းမှာ လင်းခေး၊ မိုးနဲ၊ ကွန်ဟိန်း၊ လဲချား၊ မိုင်းကိုင် ၅ နေရာ အနိုင်ရထားပြီး နေရာအများစုမှာ ကြံ့ခိုင်ရေးပါတီက ကြိုတင်မဲနဲ့ အနိုင်ရထားတာဖြစ်ကြောင်း ကျားဖြူပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက DVB ကိုပြောပါတယ်။
“မပြောတာ ကောင်းပါတယ်၊ ကြိုတင်မဲက သိမှမသိရတာ ကျနော်တို့က။ မိုင်းပန်မှာ ကျနော်တို့ ၃ ကြိမ်စလုံး နိုင်လာတာ၊ ဒီတခေါက်မှာ ရှုံးသွားတာလေ။ သူတို့ ကြိုတင်မဲက ၁,၀၀၀ ကျော် ၂,၀၀၀ နီးပါးပေါ့ အသာစီးရထားတာ။ ရှုံးတာအများစုက ကြိုတင်မဲကြောင့် ရှုံးတာများတယ်၊ ကွာတာကို။ စက်ခလုတ်နဲ့ဆို မကွာဘူး။ မန္တလေး၊ မတ္တရာမှာဆို ကျနော်တို့တောင် နိုင်နေတာပဲ။ ဒါပေမဲ့ ကြိုတင်မဲလာရင် ဘယ်လိုလာမလဲ မသိသေးဘူး။ ပထမအကြိမ်မှာ တိုင်လိုက်တယ်၊ နည်းနည်းလေးတော့ ထူးခြားလာတယ်၊ ကြိုတင်မဲထည့်မယ်၊ ပြည်သူတွေ ထည့်မယ်ဆိုရင်တော့ ကျနော်တို့ကို ခေါ်တယ်ပေါ့။”
ရွေးကောက်ပွဲပထမပိုင်းက မဲပေးစက်ပြဿနာတွေ ကြိုတင်မဲကြောင့် ပါတီတခုတည်းကပဲ အနိုင်ရရှိခဲ့တာတွေနဲ့ ပတ်သက်လို့ UEC နဲ့ စစ်ခေါင်းဆောင်ဆီ အသိပေးစာ ပို့ထားတာမျိုး တွေရှိခဲ့ပေမဲ့ ရွေးကောက်ပွဲကော်မရှင်ကတော့ နောက်ပိုင်း အပိုင်းတွေမှာ ပိုကောင်းအောင် ပြုလုပ်ပေးမယ်လို့ ပြောဆိုခဲ့ပါတယ်။
ရွေးကောက်ပွဲ ပြဿနာတွေကို ရွေးကော်က အဖြေထုတ်ပေးနိုင်မှာ မဟုတ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ကိုထင်ကျော်အေးက သုံးသပ်ပါတယ်။
“UEC ကတော့ ပြီးခဲ့တဲ့ပထမပိုင်းမှာ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ အကုန်လုံးကို ပေါင်းပြီးတော့ အဖြေထုတ်ပေးတာမျိုး လုပ်တော့မယ် မထင်ဘူး။ အဲဒီလိုလုပ်ဖို့ သူတို့မှာ ပြင်ဆင်မှုရော အချိန်အရရော လုံလောက်မှု ရှိမနေဘူးလို့ ထင်တယ်။ နောက်တခုက စစ်အုပ်စုရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြောသလိုပဲ နဂိုက ခန့်မှန်းထားသလိုပဲ မတ်လမှာ သူတို့ လွှတ်တော် ပထမဆုံးအကြိမ် ခေါ်ယူပြီးတော့ သူတို့ ဧပြီအစောပိုင်းမှာ အစိုးရဖွဲ့မယ် ဆိုတာမျိုးလည်း ရှိတဲ့အခါကတော့ အဲဒီလုပ်ငန်းစဉ်ကိုပဲ အမြန်လုပ်ရမှာဆိုတော့ သူတို့အနေနဲ့ ကျနော်ထင်တယ် ဖြစ်စဉ်တစုံလုံးကို ပြန်ပြင်ပေးတာမျိုးထက် အငြင်းပွားမှုဖြစ်တဲ့ မဲဆန္ဒနယ် တခုချင်းစီ ဖြစ်စဉ် တခုချင်းစီမှာပဲ ဖြေရှင်းပေးမဲ့ အနေအထားမျိုး တွေ့ရပါတယ်။”
ရွေးကောက်ပွဲရလဒ်တွေအပေါ် မေးခွန်းတွေ ရှိနေပေမဲ့လည်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ကတော့ လာမဲ့ မတ်လမှာ လွှတ်တော်ခေါ်ယူမှာဖြစ်ပြီး ဧပြီမှာတော့ အစိုးရအသစ်တရပ် ဖွဲ့စည်းသွားမဲ့အကြောင်း ပြောဆိုထားပါတယ်။
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ အပိုင်း ၃ ကို လာမဲ့ ဇန်နဝါရီ ၂၅ ရက်မှာ ပြုလုပ်သွားမှာဖြစ်ပြီး မြို့နယ် ၆၃ မြို့နယ် ကျင်းပမှာဖြစ်တယ်လို့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားသလို ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကလည်း လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။
မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ကတော့ ဒီရွေးကောက်ပွဲကနေ အနိုင်ရထွက်ပေါ်လာမဲ့ ဘယ်အဖွဲ့အစည်းကိုမှ အဆောတလျင် အသိအမှတ်ပြုတာတွေ လုပ်မှာမဟုတ်ဘူးလို့ ပြောကြားထားပါတယ်။
ဝေဝေ


