
စစ်ကောင်စီက ကျင်းပတဲ့ ရွေးကောက်ပွဲ အပိုင်း ၁ နဲ့ ၂ က အချို့မဲရုံတွေမှာ မဲပေးစက်ထဲက မဲတွေ အနိုင်ရပေမဲ့ ကြိုတင်မဲမှာ ရှုံးနိမ့်ခဲ့တယ်လို့ ကျားဖြူပါတီ ခေါ် ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) က ပြောပါတယ်။
တနိုင်ငံလုံးအတိုင်းအတာနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကျားဖြူပါတီဟာ ပထမပိုင်းမှာ လွှတ်တော် ၃ ရပ်လုံး အပြည့်အဝအနိုင်ရတဲ့ မြို့နယ်မရှိကြောင်း၊ ဒုတိယပိုင်းမှာတော့ ရှမ်းပြည်နယ်မှာ ကွန်ဟိန်း၊ လဲချား၊ မိုင်းကိုင်တွေမှာ အနိုင်ရခဲ့တယ်၊ ရှမ်းပြည်နယ်မှာ ၁၇ မြို့နယ် ဝင်ရောက်ယှဉ်ပြိုင်ပေမဲ့ အနည်းငယ်သာ အနိုင်ရတာဟာ ကြိုတင်မဲတွေကြောင့်လို့ ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက DVB ကို ပြောပါတယ်။
“ပြောရရင်သိပ်တော့ မကောင်းဘူးပေါ့။ ကြိုတင်မဲက ကျနော်တို့က သိမှမသိတာ။ ဘယ်သူ ပေးသလဲ၊ ဘယ်လောက် အရေအတွက်လဲ ကြိုတင်မဲမသိဘူးလေ။ မိုင်းပန်မှာ ၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀ သုံးကြိမ်လုံးလုံး နိုင်ခဲ့တာ ဒီနှစ်မှာ ရှုံးသွားတယ်လေ၊ ကြိုတင်မဲက ၁,၀၀၀ ကျော် ၂,၀၀၀ နီးပါးပေါ့။ ရှုံးတာက အများစုက ကြိုတင်မဲကြောင့်ရှုံးတာပါ၊ ကွာတာကိုး။ စက်ခလုတ်နဲ့ကျတော့ မကွာဘူးလေ။ အခု မန္တလေးတိုင်း မတ္တရာမှာလည်း ကျနော်တို့ပါတီက စက်ခလုတ်မဲမှာ နိုင်နေတယ်၊ ကြိုတင်မဲက ဘယ်လိုလာမလဲ မသိဘူးလေနော်။ မိုင်းယောင်းမှာလည်း စက်ခလုတ်နဲ့ ရွေးတာ နိုင်နေတယ်လို့ ကိုယ်စားလှယ်က ဖုန်းဆက်လာတယ်၊ ကြိုတင်မဲလည်း ရောက်လာရော ရှုံးတာပဲ။”
ကြိုတင်မဲကိစ္စနဲ့ ပတ်သက်ပြီး ပထမအကြိမ်မှာ ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားထားကြောင်း၊ အနည်းငယ်တော့ ထူးခြားမှုရှိတယ်၊ ပြည်သူတွေ ကြိုတင်မဲထည့်ရင် ပါတီ ကိုယ်စားလှယ်လောင်းတွေပါ ခေါ်တယ်၊ ရဲတွေ တပ်မတော်တွေ ထည့်ရင်တော့ မခေါ်ဘူး၊ များတာက အဲဒီကမဲတွေလို့ ဆိုပါတယ်။
ကျားဖြူပါတီ ရှုံးနိမ့်ရခြင်းမှာ အချို့ဒေသမှာ လုံခြုံရေးကြောင့် ပြည်သူတွေ မဲမပေးနိုင်ကြောင်း၊ ရှမ်းတိုင်းရင်းသားတွေဟာ ကျေးရွာအုပ်စုတွေမှာ အများဆုံး နေထိုင်ကြတယ်၊ လုံခြုံရေးကြောင့် မြို့ပေါ်ရပ်ကွက်မှာသာ ရွေးကောက်ပွဲလုပ်တာကြောင့် ရွာဘက်က မဲတွေ မရတော့ဘူး၊ ဥပမာ တန့်ယန်းမှာဆိုရင် ရွာကလူတွေ မဲမထည့်ရဘူး။ စစ်တပ်၊ ရဲ နဲ့ ပြည်သူ့စစ်တွေဆီက ကြိုတင်မဲတွေနဲ့ နိုင်သွားတယ်။
ဒီရွေးကောက်မှာ အနည်းငယ်ပဲ နိုင်နိုင်၊ ကိုယ်စားလှယ် ၄-၅ ယောက်ပဲရှိရှိ ရှိသလောက်နဲ့တော့ ပြည်သူ့အကျိုးကို ဆောင်ရွက်သွားမယ်လို့ ဦးစိုင်းအိုက်ပေါင်းက ပြောသွားပါတယ်။
ရှမ်းနှင့်တိုင်းရင်းသားများပါတီ (SNDP) ဟာ လက်ရှိ ရွေးကောက်ပွဲမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်သူ့လွှတ်တော်အမတ်လောင်း ၁၅၉ ယောက်၊ အမျိုးသားလွှတ်တော်အမတ်လောင်း ၇၆ ယောက်၊ တိုင်းနှင့်ပြည်နယ် လွှတ်တော်အမတ်လောင်း ၃၄၁ ယောက်၊ တိုင်းရင်းသားဝန်ကြီးလောင်း ၈ ယောက်တို့နဲ့ ပါဝင်ယှဉ်ပြိုင်နေပါတယ်။


