Home
မြန်မာသတင်း
ပြည်ပအလုပ်သွားလုပ်မည့်သူများကို စစ်ကောင်စီ ထပ်မံတင်းကျပ်
DVB
·
January 12, 2026

ပြည်ပ အလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) ကိုင်ဆောင်ထားပြီး ပြည်ပသွား အလုပ်လုပ်မဲ့သူတွေကို ဌာနရဲ့ ခွင့်ပြုချက်ရမှ ထွက်ခွာခွင့်ပေးမယ်လို့ စစ်ကောင်စီ လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက ဇန်နဝါရီ ၁၁ ရက်မှာ ထုတ်ပြန်အသိပေးထားပါတယ်။

အရင်က OWIC ကတ်ရပြီးလို့ ပြည်ပထွက်ခွာခွင့်အတွက် အီးမေးလ်ကနေ တင်ထားတဲ့ အထောက်အထားကို လေဆိပ်ကောင်တာမှာပြပြီး ထွက်လို့ရတာဖြစ်ပြီး အခုပြောင်းလဲလိုက်တဲ့ စနစ်အရ ဦးစီးဌာနက ခွင့်ပြုချက်ရမှ ထွက်ခွာခွင့်ရရှိမှာ ဖြစ်ပါတယ်။

ပြည်ပထွက်ခွာခွင့်ပြုတဲ့ စာရင်းကိုဌာနရဲ့ Safe Migration တယ်လီဂရမ်ကနေ အသိပေး ကြေညာပေးမှာလို့လည်း စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက ဆိုပါတယ်။

အဲဒီညွှန်ကြားချက်ကို ဇန်နဝါရီ ၁၁ ရက် ညက ထုတ်ပြန်ခဲ့ကာ ဇန်နဝါရီ ၁၂ ရက်မှာ ထွက်ခွာခွင့် စာရင်းထဲ မပါလို့ဆိုပြီး အလုပ်သမားတွေကို လေဆိပ်က တားဆီးခံရတယ်လို့ ကိုယ်တိုင်ကြုံရသူ တယောက်က ပြောပါတယ်။

“ဒီနေ့ ပြည်ပထွက်မဲ့ ညအလုပ်သမားတွေက အရင်လိုပဲ ထွက်ခွင့်တင်ထားတဲ့ အီးမေးလ်ပြတာ လက်မခံဘူး။ ညွှန်ကြားချက်အတိုင်း ထွက်ခွင့်စာရင်း မပါရင် ပေးမထွက်ဘူး ဆိုပြီး ပြန်လွှတ်တယ်။ အားလုံးပြင်ဆင်ပြီးကာမှ ပြန်လွှတ်လို့ ငိုတဲ့သူကငိုနဲ့ တကယ်စိတ်ဆင်းရဲစရာကြီး။ မူဝါဒတခု လုပ်မယ်ဆိုရင် ကြိုတင် အသိပေး၊ အချိန်ပေးရမှာပေါ့။ အခုက မနေ့က ရုံးပိတ်ရက်မှာ စာထုတ်တယ်၊ နောက်တနေ့မှာ စကျင့်သုံးတယ်ဆိုတာက ဟုတ်မနေဘူး။”

အခုလို ပြည်ပထွက်ခွာခွင့်အပေါ် နောက်တဆင့် တင်းကျပ်လိုက်တဲ့အတွက် အလုပ်သမား အသစ်တွေအပြင် ခွင့်ပြန်အလုပ်သမားတွေ အတွက်ပါ ကြန့်ကြာမှုနဲ့ ပြည်ပထွက် အလုပ်လုပ်ခွင့် မရေရာတဲ့ အခြေအနေ ဖြစ်လာစေတယ်လို့ အလုပ်သမားတွေက ဝေဖန်ပါတယ်။

ပြည်ပထွက် အလုပ်လုပ်ဖို့ OWIC ကတ် လျှောက်ထားသူတယောက်က “OWIC ကတ် ရှိရင်တောင် ထွက်ခွင့်ရဖို့ မသေချာဘူး ဆိုတဲ့သဘော ဖြစ်သွားတယ်။ ပြည်ပထွက် အလုပ်လုပ်မဲ့သူတွေကို တရစ်ပြီးတရစ် တင်းကျပ်နေတာ။ အဆင်ပြေအောင် လုပ်ပေးမယ်ဆိုတဲ့စိတ် မရှိဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက အရင်က အလုပ်သမားရဲ့ ပြည်ပထွက်ခွာခွင့် တင်တာကို အီးမေးလ်ကနေ လက်ခံပေမဲ့ အခုနောက်ဆုံး ထုတ်ပြန်ချက်မှာ စာတိုက်၊ အမြန်ချော၊ ကိုယ်စားလှယ် ဒါမှမဟုတ် လူကိုယ်တိုင် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနဆီ လျှောက်ထားရမယ်လို့ ဆိုပါတယ်။

အဲဒီလို လျှောက်ထားတဲ့အခါ ပြည်ပထွက်ခွာခွင့်ပြုဖို့ လျှောက်တဲ့စာ၊ နိုင်ငံကူးလက်မှတ်မိတ္တူ၊ OWIC ကတ် မိတ္တူ၊ သက်ဆိုင်ရာနိုင်ငံရဲ့ ပြည်ဝင်ခွင့်ဗီဇာ ဒါမှမဟုတ် နေထိုင်ခွင့်ဗီဇာနဲ့ သက်တမ်းရှိ အလုပ်လုပ်ခွင့် ပါမစ်၊ လေယာဥ်လက်မှတ်မိတ္တူတို့ ထည့်သွင်းပါရှိရမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဌာနကခွင့်ပြုတဲ့နေ့မှာ မဖြစ်မနေ ထွက်ခွာရမှာဖြစ်ပြီး မထွက်ခွာနိုင်ခဲ့ရင် အစကနေ ပြန်လျှောက်ရမယ်လို့လည်း ဖော်ပြထားပါတယ်။

အဲဒီလို ပြည်ပထွက်ခွာခွင့်ရမဲ့ အချိန်ကာလ အတိအကျ မသိရဘဲ ခွင့်ပြုမှ ထွက်ခွင့်ရမယ်ဆိုကာ လေယာဥ်လက်မှတ်မိတ္တူတောင်းတာက သဘာဝမကျဘူးလို့လည်း ဂျပန်နိုင်ငံကိုသွားမဲ့ အလုပ်သမားတယောက်က ပြောပါတယ်။

“လေယာဥ်လက်မှတ်ဝယ်ပြီး သွားရမဲ့ရက်က မသိရဘူး။ ဌာနက အချိန်ဆွဲထားရင် လက်မှတ်ဖိုးက အလကား ဆုံးဦးမယ်။ ဘယ်လို အစီအစဥ်ချနေမှန်းကို မသိတော့ဘူး။”

စစ်ကောင်စီက အလုပ်အကိုင်အမျိုးအစား နိုင်ငံကူးလက်မှတ် (PJ) ကိုင်ထားသူတွေကို OWIC ကတ်ရှိမှ ပြည်ပထွက်ခွင့် ပေးမယ်ဆိုပြီး တင်းကျပ်မှု စတင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် OWIC ကတ် လုပ်ခွင့်စာရင်းမှာ ပါပေမဲ့ အဲဒီကတ်ထုတ်ပေးမဲ့ တာဝန်ခံက လူတွေ့စစ်ဆေးပြီး စာရွက်စာတမ်း၊ အချက်အလက် မှန်ကန်မှုမရှိဘူးဆိုတာ စိစစ်တွေ့ရှိရင် ကတ်ထုတ်ပေးမှာ မဟုတ်ဘူးလို့လည်း နောက်တဆင့် တင်းကျပ်ထားပါတယ်။

အဲဒီလို ပြည်ပထွက် အလုပ်လုပ်မဲ့အပေါ် တင်းကျပ်တာအပြင် စစ်မှုထမ်းရမဲ့အသက် အကျုံးဝင်တဲ့ ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း ယောကျ်ားလေးတွေကို ပြည်ပထွက်ခွင့်ပိတ်တာ၊ အေဂျင်စီ တခုချင်းအလိုက် စေလွှတ်ခွင့် လုပ်သားအရေအတွက် ကန့်သတ်တာ၊ အလုပ်သမားတွေကို လစာရဲ့ ၂၅ ရာခိုင်နှုန်း မိသားစုဆီ တရားဝင်လွှဲပို့ဖို့နဲ့ ဝင်ငွေခွန်ပေးဆောင်ဖို့ ဖိအားပေး စေခိုင်းတာတွေလည်း ရှိနေတာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013