ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ် တနေရာမှာ စစ်ကောင်စီတပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့အနေနဲ့ မီးထိုးသပိတ် ပြုလုပ်ခဲ့တယ်လို့ ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO) က ဇန်နဝါရီ ၁၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီ ၁၀ ရက် ညမှာ ဘောလခဲက စစ်ရှောင်ပြည်သူ အယောက် ၁၄၀ ကျော် ပူးပေါင်းပြီး ရွေးကောက်ပွဲ ဆန့်ကျင် မီးထိုးသပိတ် ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။
KNWO တာဝန်ရှိက “စစ်ကော်မရှင် ကျင်းပတဲ့ ရွေးကောက်ပွဲဟာ လူထုကို ကိုယ်စားမပြုဘဲ မမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ကြောင်း၊ လူထုရဲ့ လွတ်လပ်စွာ ပါဝင်ရွေးချယ်ခွင့်မရှိဘဲ အကြမ်းဖက်မှု၊ ဖမ်းဆီးမှု၊ ခြိမ်းခြောက်မှုတွေကြားထဲမှာ ကျင်းပတဲ့ရွေးကောက်ပွဲဟာ အာဏာကို တရားဝင်ဖြစ်စေဖို့ အသုံးချထားတဲ့ လုပ်ရပ်တခုသာဖြစ်ပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီက ဘောလခဲမြို့နယ်နဲ့ လွိုင်ကော်မြို့နယ်တွေမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်က ရွေးကောက်ပွဲ အပိုင်း ၁ ကို ပြုလုပ်ခဲ့ပြီး နေရပ်ပြန်ပြည်သူတချို့ကို အတင်းအကျပ် မဲထည့်စေတာတွေ ရှိခဲ့ပါတယ်။
ရွေးကောက်ပွဲ အပိုင်း ၂ ကိုလည်း ဒီးမော့ဆိုမြို့နယ်နဲ့ ဖရူဆိုမြို့နယ်တွေမှာ ဇန်နဝါရီ ၁၁ ရက်က ပြုလုပ်နေပြီး ဒေသခံပြည်သူတွေ မပါဝင်ဘဲ စစ်တပ်အသိုက်အဝန်းနဲ့ တပ်မိသားစုဝင်တွေပဲ များတယ်လို့ သိရပါတယ်။
စစ်ကောင်စီ လုပ်နေတဲ့ အတုအယောင် ရွေးကောက်ပွဲကို KNWO နဲ့ မိတ်ဖက်အဖွဲ့တွေ ပေါင်းပြီး အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ အသိပေးတာ၊ မဲမထည့်ရေး စည်းရုံးလှုံ့ဆော်တာ၊ ရွေးကောက်ပွဲက ဒီမိုကရေစီနည်းလမ်းကျ ပြုလုပ်တာမဟုတ်တဲ့ အကြောင်းတွေ စည်းရုံးလှုံ့ဆော်တာတွေ ရှိတယ်လို့ သိရပါတယ်။





