
စစ်ကောင်စီရွေးကောက်ပွဲ ဒုတိယပိုင်း ကျင်းပတဲ့ ဇန်နဝါရီ ၁၁ ရက်က ပဲခူးတိုင်းထဲက မြို့ ၄ မြို့ကို တိုက်ခိုက်ခဲ့ပြီး အထွေထွေအုပ်ချုပ်ရေးဌာန အရာရှိနဲ့ အနည်းဆုံး စစ်သား ၂ ယောက် သေဆုံးတယ်လို့ ပဲခူးတိုင်းစစ်ဌာနက ထုတ်ပြန်ပါတယ်။
အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ စစ်တောင်းမြစ်ဝှမ်းဒေသ အောင်မြင်စစ်ဆင်ရေး နောက်ဆက်တွဲအဖြစ် ဖြူးမြို့နယ်၊ ထန်းတပင်မြို့နယ်၊ မင်းလှနဲ့ ပေါင်းတည်မြို့နယ်တို့မှာ တိုက်ခိုက်ခဲ့တာပါ။
ထန်းတပင်မြို့နယ်မှာ စစ်တပ်ရဲ့ တရားမဝင် အတုအယောင် ရွေးကောက်ပွဲအတွက် လုပ်ဆောင်နေတဲ့ အထွေထွေအုပ်ချုပ်ရေးရုံးကို တိုက်ခိုက်မှုအတွင်း အစည်းအဝေးလုပ်နေတဲ့ ဒုညွှန်ကြားရေးမှူးတယောက် သေဆုံးပြီး တခြား ဌာနဆိုင်ရာဝန်ထမ်းတွေလည်း အများအပြား ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဖြူးမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်က ဆာဂွန်းဂိတ်အထိုင်စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့တာမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးတာ များတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ထန်းတပင်မြို့နယ် ရဲစခန်းကို တိုက်ခိုက်ခဲ့တာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက် သေဆုံးပြီး ဗိုလ်မှူးတယောက် အပါအဝင် ၃ ယောက်လောက် ဒဏ်ရာရတယ်လို့ ထုတ်ပြန်ပါတယ်။
မင်းလှမြို့နယ်မှာလည်း စစ်တပ်ရဲ့ တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ဟန့်တား ဖောက်ခွဲတိုက်ခိုက်ခဲ့သလို ပေါင်းတည်မြို့နယ် အတွင်းက နေရာ ၃ ခုမှာ ရွေးကောက်ပွဲ လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို မိုင်းဆွဲတိုက်ခိုက်ပြီး ပေါက်တောရွာက ခမရ ၁၀ တပ်ရင်းကိုလည်း လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ဆင်ရေးကို ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၃ ကွပ်ကဲမှုအောက်က အမှတ် ၃၅၀၂ တပ်ရင်း၊ ဒရုန်းအဖွဲ့၊ ဗျူဟာ ၂၂ ကွပ်ကဲမှုအောက်က အမှတ် ၃၈၀၂ တပ်ရင်း၊ တပ်ခွဲ ၄၊ ဗျူဟာ ၂၁ ကွပ်ကဲမှုအောက်က အမှတ် ၃၆၀၁ တပ်ရင်း၊ အမှတ် ၃ ဧရာဝတီတပ်ရင်း၊ ဖြူးမြို့နယ်ပကဖ၊ မင်းလှမြို့နယ် ပကဖတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာလို့ ဆိုပါတယ်။
လက်ရှိအချိန်မှာ အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန စစ်ဆင်ရေးနယ်မြေမှာ စစ်ရေး အခြေအနေတွေ တင်းမာနေတာကြောင့် ပြည်သူတွေအနေနဲ့ စစ်တပ်စခန်းတွေ အနီးဝန်းကျင်ကို မလိုအပ်ဘဲ မသွားကြဖို့လည်း အသိပေးထားပါတယ်။


