Home
မြန်မာသတင်း
တိုက်ပွဲများကြား ကျင်းပခဲ့သည့် စစ်ကိုင်းနှင့် မကွေးတိုင်းက စစ်တပ်ရွေးကောက်ပွဲ
DVB
·
January 11, 2026

မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအတွင်းမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြား စစ်ဘေးတိမ်းရှောင်ရတဲ့ ဒေသခံတွေ၊ တိုက်ပွဲတွေ ရှိနေပေမဲ့ စစ်ကောင်စီက ဇန်နဝါရီ ၁၁ ရက်မှာ  ရွေးကောက်ပွဲအပိုင်း ၂ ကို ကျင်းပခဲ့ပါတယ်။

စစ်ကောင်စီက ရွေးကောက်ပွဲ အပိုင်း ၂ ကို မကွေးတိုင်းဒေသကြီးအတွင်းက ဂန့်ဂေါ၊ ဆိပ်ဖြူ၊ နတ်မောက်၊ မြို့သက်၊ ငဖဲ၊ စလင်း၊ စေတုတ္ထရာ၊ ကံမ၊ မင်းတုန်း၊ မင်းလှ၊ ဆင်ပေါင်ဝဲ၊ မင်းလှ စတဲ့ ၁၁ မြို့နယ်မှာ ကျင်းပမယ်လို့ ကြေညာထားခဲ့တာပါ။

စလင်းမြို့နယ်မှာ ခရိုင်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်တွေ ဆင်းပြီး ပြင်ဆင်ခဲ့ပေမဲ့ စစ်ရေးပူနေတာကြောင့် ပြည်သူတွေကို ရွေးကောက်ပွဲ မဲထည့်ဖို့ ဖိအားပေး စည်းရုံးနိုင်တာ မတွေ့ရဘူးလို့ မြေပြင် စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“အခုချိန်ထိကတော့ ဖိအားပေးတယ်ဆိုတဲ့အပိုင်း မကြားရသေးဘူး။ ဘာလို့လဲဆိုတော့ စလင်း၊ ဆင်ဖြူကျွန်းမှာ စစ်ရေး ပူနေတာလေ။ ဒီဘက်ကလည်း သူတို့ မလုပ်ခင်ကတည်းက ဝင်စီးလိုက်တာ၊ စလင်းနဲ့ ဆင်ဖြူကျွန်းကြားထဲမှာ ဝင်နိုင်တယ်။ စစ်ရေးအရ သူတို့ရဲ့ တည်ငြိမ်မှုကို ခြိမ်းခြောက်နိုင်တဲ့ အနေအထား ဖြစ်သွားတယ်။ လက်ရှိအချိန်ထိလည်း သူတို့တွေက ရုတ်ရုတ်သဲသဲနဲ့ ဒီဘက်ကလာမဲ့၊ ထိုးစစ်ဆင်မဲ့ အ‌ခြေအနေကို ခုခံကာကွယ်နိုင်ဖို့အတွက် ရန်သူ့ဘက်က စစ်ကောင်စီက ကြိုးစားရုန်းကန်နေကြတယ်။ ဒီလိုအချိန်မျိုးမှာ ပြည်သူကို ဖိအားပေးနိုင်ဖို့ အခြေအနေ မရှိဘူး။ စလင်း၊ ဆင်ဖြူကျွန်းဒေသတွင်းမှာရှိတဲ့ ပြည်သူတွေကလည်း စစ်ရှောင်အနေနဲ့ မြို့ထဲမှာ ၃ ပုံ၊ ၁ ပုံစာတောင် ကျန်မှာမဟုတ်ဘူး။ အရင် ၂၀၂၅ နှစ်ကုန်ပိုင်း ဒီဇင်ဘာလကုန်ပိုင်းမှာ မရှောင်ဘဲရှိတဲ့ ပြည်သူတွေကိုပဲ အခုကာလမှာ စစ်ရှောင်ကုန်ကြပြီ။”

ဆင်ဖြူကျွန်းမြို့နယ်လည်း လမ်းတိုင်းမှာ လုံခြုံရေးတပ်ဖွဲ့တွေ တပ်ချထားပြီး ရွေးကောက်ပွဲကို မနှောင့်ယှက်နိုင်အောင် စီမံထားတယ်လို့ ဆိုပါတယ်။

ဆင်ဖြူကျွန်းမြို့ပေါ်မှာတော့ အုပ်ချုပ်ရေး ယန္တရား၊ ပညာရေး၊ ကျန်းမာရေး စနစ်တွေ အကုန်ပြိုလဲသွားပြီး ရွေးကောက်ပွဲလုပ်နိုင်တဲ့ အခြေအနေ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းဘက်မှာလည်း တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးနယ်မြေတွေမှာ စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားနေပြီး ရွေးကောက်ပွဲ အပိုင်း ၂ မှာ ပါဝင်တဲ့ မြို့နယ်တချို့မှာလည်း ပြည်သူတွေရဲ့ စိတ်ဝင်စားမှုက နည်းပါးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွေးကောက်ပွဲ အပိုင်း ၂ ကျင်းပနေတဲ့ ဇန်နဝါရီ ၁၁ ရက်မှာလည်း  စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်နဲ့ အရာတော်မြို့နယ်တို့မှာ ဒရုန်းနဲ့တိုက်ခိုက်တာ၊ ဟောင်ဝစ်ဇာ လက်နက်ကြီးတွေနဲ့ ရမ်းသန်း ပစ်ခတ်တာတွေလည်း ရှိနေခဲ့ပါတယ်။

ဝက်လက်မြို့နယ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုဟန်မင်းစိုးက “စစ်ကော်မရှင်က မနက်ကတည်းက စစ်ကိုင်းမြို့နယ်၊ ဝက်လက်မြို့နယ် တလျှောက်လုံးကို ဂျက်ဖိုက်တာတွေနဲ့ ပျံဝဲနေတာ ရှိတယ်။ မနေ့ကတော့ ခင်ဦးနယ် အရှေ့ခြမ်းကို ဂျက်ဖိုက်တာ ၃ စီးနဲ့ ၁၂ ကြိမ်လောက် လာကြဲသွားတယ်။ လေကြောင်းတိုက်ခိုက်မှုက ဆက်တိုက်ရှိနေတယ်။ လက်ရှိကတော့ ကိုယ့်ဘက်က စိုးမိုးနယ်မြေတွေမှာ ပုံမှန်ပဲ။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ထူးထူးခြားခြား ပုံစံမျိုး ဘာမှဖြစ်မနေဘူး။ မနက်ပိုင်းကတော့ အရာတော် လေ့ကျင့်ရေးတပ်ဘက်ကနေ ဟောင်ဝစ်ဇာ လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်တာတွေတော့ ရှိပါတယ်” လို့ ပြောပါတယ်။

မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်း ဒေသခံပြည်သူ အများစုကတော့ နှစ်ဖက် ထိတွေ့တိုက်ပွဲတွေကြားမှာ စစ်ဘေးရှောင်နေရတာကြောင့် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို စိတ်ဝင်စားမှု မရှိကြဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။

၂၀၂၅ ဒီဇင်ဘာလအတွင်း စစ်ကောင်စီ ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက မကွေးတိုင်း ၆ မြို့နယ်ကို ရွေးကောက်ပွဲကာလမှာ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲမယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ကြေညာခဲ့ပါတယ်။

စစ်ကောင်စီ ရွေးကောက်ပွဲ အပိုင်း ၁ ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်က မြို့နယ် ၁၀၂ မြို့နယ်မှာ ကျင်းပခဲ့ပြီး အပိုင်း ၂ ကိုတော့ ၂၀၂၆၊ ဇန်နဝါရီ ၁၁ ရက်မှာ မြို့နယ် ၁၀၀ မှာ ကျင်းပနေတာ ဖြစ်ပါတယ်။ အပိုင်း ၃ ကိုတော့ ဇန်နဝါရီ ၂၅ ရက်ကျရင် ၆၃ မြို့နယ်မှာ ကျင်းပသွားမယ်လို့ ကြေညာထားပါတယ်။

ဇွဲသစ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013