
ဇန်နဝါရီ ၁၁ ရက်က ကျင်းပတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲ ဒုတိယပိုင်းမှာ လသာမြို့နယ်ကနေ တသီးပုဂ္ဂလ အမတ်လောင်းအနေနဲ့ ဝင်ပြိုင်ခဲ့တဲ့ ဒေါ်စန္ဒာမင်း အနေနဲ့ လတ်တလော မဲရလဒ်တွေအရ ကြံ့ဖွံ့အမတ်ကို ရှုံးနိမ့်ခဲ့တယ်လို့ သိရပါတယ်။
တရားဝင်မဲရလဒ်တွေ မကြေညာသေးပေမဲ့ မနေ့ ညနေပိုင်း ရေတွက်နေတဲ့ ကနဦး မဲရလဒ်တွေအရ စစ်တပ်ပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီကနေ ဝင်ပြိုင်တဲ့ အငြိမ်းစား ဒုတိယဗိုလ်မှူးကြီး ဦးလှတင့်က မဲအသာစီးရနေတဲ့ အခြေအနေ ဖြစ်ပါတယ်။
သူ့နောက်မှာတော့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ဒေါက်တာသန်းဟိန်းစိုးက ဒုတိယလိုက်နေတယ်လို့ သိရပါတယ်။
ဒေါ်စန္ဒာမင်းဟာ မနေ့မနက်ပိုင်းမှာ လသာမြို့နယ်၊ အမှတ် ၇ ရပ်ကွက်က မဲရုံအမှတ် ၁ မှာ လာရောက်မဲပေးခဲ့ပါတယ်။
NLD အမတ်ဟောင်းတယောက် ဖြစ်ခဲ့ဖူးတဲ့ ဒေါ်စန္ဒာမင်းဟာ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) ပါတီကနေ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ ကြိုးစားခဲ့ပေမဲ့ ရွေးကောက်ပွဲကော်မရှင် (UEC) က NDF ပါတီကို ဖျက်သိမ်းခဲ့တာကြောင့် တသီးပုဂ္ဂလအနေနဲ့သာ ဝင်ပြိုင်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။
မနေ့ကကျင်းပတဲ့ ရွေးကောက်ပွဲ အပိုင်း ၂ မှာ ရန်ကုန်တိုင်းအတွင်းက ဗဟန်း၊ ပန်းဘဲတန်း၊ လသာ၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဒေါပုံ၊ ပုဇွန်တောင်၊ လှိုင်၊ ရွှေပြည်သာ၊ ထန်းတပင်၊ လှည်းကူး၊ တောင်ဥက္ကလာပ၊ ကိုကိုးကျွန်း၊ ကြည့်မြင်တိုင်နဲ့ အင်းစိန် စတဲ့ ၁၆ မြို့နယ် ပါဝင်တာဖြစ်ပါတယ်။
အဲဒီ ၁၆ မြို့နယ်မှာ မဲရုံပေါင်း ၁,၁၇၁ ရုံ ဖွင့်လှစ်ထားပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၅ သိန်းကျော် ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဆီက သိရပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားသလို ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုက်အဝန်းကလည်း လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။


