Home
မြန်မာသတင်း
ကြည့်မြင်တိုင်တွင် တသီးပုဂ္ဂလဝင်ပြိုင်သည့် ဇောတိက ဦးခင်လှိုင် အနိုင်ရ
DVB
·
January 12, 2026
Photo: DVB

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း အနေနဲ့ တသီးပုဂ္ဂလ ဝင်ပြိုင်ခဲ့တဲ့ ဇောတိက သင်္ကန်းတိုက်ပိုင်ရှင် ဦးခင်လှိုင်ဟာ စစ်တပ်ပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးအမတ်လောင်း အပါအဝင် ပြိုင်ဘက်တွေကို မဲအပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့တယ်လို့ သိရပါတယ်။

ဇောတိက ဦးခင်လှိုင်ဟာ ပြိုင်ဘက် ကိုယ်စားလှယ်လောင်းတွေကို မဲ ၁၀,၀၀၀ နီးပါးအသာနဲ့ အနိုင်ရရှိတာလို့လည်း သူနဲ့ နီးစပ်သူတွေက ဆိုပါတယ်။

ဦးခင်လှိုင်က “မဲရုံ အားလုံးပေါင်း ၄၈ ရုံ ရှိတဲ့အထဲမှာ ကျနော် ၄၇ ရုံ နိုင်ပါတယ်။ ကျနော်နဲ့ ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ်လောင်းနဲ့ဆိုရင် မဲက ၁၀,၀၀၀ နီးပါးလောက် ဟပြီးတော့ ကျနော်က အသာစီး ရနေပါတယ်။ အဲဒါတော့ လက်ရှိအခြေအနေပါပဲ ခင်ဗျ” လို့ ပြောပါတယ်။

မနေ့ကကျင်းပတဲ့ ရွေးကောက်ပွဲ အပိုင်း ၂ မှာ ကြည့်မြင်တိုင်မြို့နယ်က ဝင်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်း ၇ ယောက်အထိရှိပြီး ရွေးကောက်ပွဲအပြီး ကနဦး မဲရလဒ်တွေအရ ဦးခင်လှိုင်(ဇောတိက) က မဲအရေအတွက် ၁၄,၀၀၀ ကျော်နဲ့ ပထမနေရာက ရရှိထားပြီး ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ်လောင်းက မဲအရေအတွက် ၄,၀၀၀ ကျော်နဲ့ ဒုတိယနေရာ၊ ကျားဖြူပါတီက ကိုယ်စားလှယ်လောင်းက မဲအရေအတွက် ၂,၀၀၀ ကျော်နဲ့ တတိယနေရာမှာ ရပ်တည်ခဲ့တယ်လို့ သိရပါတယ်။

ကြည့်မြင်တိုင်မြို့နယ်မှာ မဲပေးပိုင်ခွင့်ရှိသူ ၆၀,၀၀၀ နီးပါးရှိပြီး အဲဒီထဲက ထက်ဝက်လောက် မဲထွက်ပေးခဲ့ကြတယ်လို့လည်း UEC နဲ့ စီးစပ်သူတွေဆီက သိရပါတယ်။

ဦးခင်လှိုင်ဟာ ပြီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ ဧရာဝတီတိုင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၂၊ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၊ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ကြည့်မြင်တိုင်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၊ ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကမ်းမြို့နယ်၊ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ကြည့်မြင်တိုင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ် ၁ ကနေ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသူ ဖြစ်ပါတယ်။

မနေ့ကကျင်းပတဲ့ ရွေးကောက်ပွဲ အပိုင်း ၂ မှာ ရန်ကုန်တိုင်းက ဗဟန်း၊ ပန်းဘဲတန်း၊ လသာ၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ဒေါပုံ၊ ပုဇွန်တောင်၊ လှိုင်၊ ရွှေပြည်သာ၊ ထန်းတပင်၊ လှည်းကူး၊ တောင်ဥက္ကလာပ၊ ကိုကိုးကျွန်း၊ ကြည့်မြင်တိုင်နဲ့ အင်းစိန် စတဲ့ မြို့နယ် ၁၆ မြို့နယ်မှာ မဲရုံပေါင်း ၁,၁၇၁ ရုံ ဖွင့်လှစ်ကျင်းပခဲ့တာ ဖြစ်ပါတယ်။

အဲဒီ မြို့နယ် ၁၆ မြို့နယ်မှာ ကြည့်မြင်တိုင်မြို့နယ် ပြည်သူ့ လွှတ်တော်က လွဲပြီး ကျန်နေရာတွေမှာ ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ်လောင်းအားလုံး အနိုင်ရခဲ့တယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားသလို  ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကလည်း လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013