
မြန်မာအာဏာသိမ်းစစ်တပ်သည် ၎င်းတို့၏ ရွေးကောက်ပွဲအား အနည်းငယ်မျှ ဝေဖန်ရုံဖြင့် ကြီးလေးသော ထောင်ဒဏ် ချမှတ်နေပြီး လူထုဘက်က စစ်တပ်နှင့် ရွေးကောက်ပွဲအား ခါးသီးစွာ မုန်းတီးနေကြသည့် အခြေအနေမျိုးတွင် ဒုတိယအကြိမ် ရွေးကောက်ပွဲကို ဇန်နဝါရီ ၁၁ ရက်က ကျင်းပခဲ့ပြန် သည်။
စစ်အုပ်စု၏ ၅၀ ရာနှုန်းကျော်ကျော် မဲလာထည့် ဆိုသည်ကို တချက် ကြည့်လိုက်ရုံနှင့်ပင် အခြေအမြစ်မရှိ လိမ်ညာပြောနေသည်ကို သိသာနေသည်ဟု အမေရိကန်၏ Foreign Affairs မဂ္ဂဇင်းတွင် ရေးသားထားသည်။
လက်ရှိ ဖြစ်ပွားနေသော ပြည်တွင်းစစ်ကြီးကြောင့် မြို့နယ်ပေါင်း သုံးပုံ တပုံခန့်တွင် မဲရုံများ ပင် မရှိ ဖြစ်နေသည်။ နိုင်ငံတဝန်း သန်းပေါင်းများစွာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရချိန်လည်း ဖြစ်သည်။ မဲရုံ မရှိသည့် ဒေသများ၊ ထွက်ပြေးနေရသူများလည်း မဲပေးခွင့်မရှိ ဖြစ်နေချိန်တွင် ၅၀ ရာနှုန်းကျော် မဲလာပေးသည်ဆိုသည်က ရယ်စရာ ဖြစ်နေရသည်ဟု နိုင်ငံတကာလေ့လာသုံးသပ်သူများက သုံးသပ်ကြသည်ဟု ရေးသားထားသည်။
ကုလလူ့အခွင့်အရေး အထူးသံတမန် တွမ်အင်ဒရူးက “မည်သည့်စံနှုန်းဖြင့် ကြည့်သည်ဖြစ်စေ၊ ယခု ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတသော၊ တရားဝင်သော ရွေးကောက်ပွဲ မဟုတ်။ နိုင်ငံတကာအသိုက်အဝန်းကို လှည့်စားရန်အတွက်သာ ရည်ရွယ်ဖန်တီးထားပြီး၊ မြန်မာပြည်သူများကို ပါဝင်လာစေရန် အကြီးအကျယ် ဖိအားပေးလုပ်ဆောင်ထားသည့် ပြဇာတ်တစ်ခုသာ ဖြစ်သည်" ဟု ပြင်းထန်သော အသုံးအနှုန်းများဖြင့် ဝေဖန်လိုက်သည်။
ထရမ့်ပ် အစိုးရက ရွေးကောက်ပွဲနောက်ပိုင်း စစ်အုပ်စု ရုပ်သေးအစိုးရနှင့် အတိုင်းအတာ တခုအထိ ပြန်လည်ဆက်ဆံလာမည့် အလားအလာများ တွေ့နေရ၍ အမေရိကန် Foreign Policy မဂ္ဂဇင်း မှလည်း “ရေရှည်ကို ကြည့်မည်ဆိုပါက အမေရိကန်ပြည်ထောင်စုအတွက် အဂတိလိုက်စားပြီး အကျပ်အတည်းဆိုက်နေသည့် စစ်အုပ်စုထက် ငြိမ်းချမ်း၍ ဒီမိုကရေစီထွန်းကားသော မြန်မာနိုင်ငံသည်သာလျှင် ပိုမိုခိုင်မာသည့် မိတ်ဖက်နိုင်ငံ ဖြစ်လာပေမည်။ ဝါရှင်တန်အနေဖြင့် နေပြည်တော်ရှိ စစ်ဗိုလ်ချုပ်များနှင့် ဆက်ဆံရေးထူထောင်ပြီး အမေရိကန်၏ မူဝါဒကို အပြောင်းအလဲလုပ်မည့်အစား၊ နိုင်ငံ၏ နောက်မျိုးဆက် ဒီမိုကရေစီကို တည်ဆောက်ကြမည့် မြန်မာ့အတိုက်အခံများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်း ခေါင်းဆောင်များအပေါ် ထောက်ပံ့ကူညီမှုများကိုသာ ပိုမိုတိုးမြှင့်သင့်ပါသည်ဟု သတိပေး ရေးသားလာခဲ့သည်။
ဝါရှင်တန်အနေဖြင့်အင်ဒို-ပစိဖိတ်ဒေသအတွင်း မြန်မာနိုင်ငံသည် အမေရိကန်၏ အနှစ်သာရရှိသော မိတ်ဖက်နိုင်ငံတခု ဖြစ်လာနိုင်မည့် အနာဂတ်အတွက် အခြေခံအုတ်မြစ်များကို ကြိုတင်ချမှတ်ကာ ရေရှည်ရည်မှန်းချက်အပေါ်တွင်သာ အာရုံစိုက်သင့်သည်ဟုလည်း ဆိုသည်။
အားလုံးက လိမ်ညာလုပ်လာသော ရွေးကောက်ပွဲမှန်း သိသိကြီးနှင့် စစ်အုပ်စုနှင့် ပြန်လည် ဆက်ဆံလာသူ မှန်သမျှသည် ပြည်သူများထက် ၎င်းတို့၏ လောဘကို ရှေ့တန်းတင်လာကြသူများ အဖြစ် သမိုင်း၏ မှတ်တမ်းတင်ခံကြရတော့မည်သာ ဖြစ်သည်။
CNN, The Guardian, BBC, New York Times ကဲ့သို့ အထင်ကရ သတင်းမီဒီယာများ တွေ့ဆုံ စကားပြောခွင့်ရခဲ့သူတိုင်း မျှော်လင့်ချက်မဲ့ပြီး စိုးရိမ်ထိတ်လန့်စိတ်များနှင့် မဲရုံများသို့ ရောက်လာကြသူများချည်း ဖြစ်နေသည်ဟု မှတ်ချက်ချခဲ့ကြသည်။
သို့သော် ထိုအထဲတွင် အိမ်ရှင်မတဦး ဖြစ်သူ ဒေါ်အေးအေးက အင်ဒီးပင်းဒင့် သတင်းစာကြီးကို ယခုကဲ့သို့ ရဲဝံ့စွာ ပြောပြခဲ့သည်။
“ကျမတို့ကို ရေရှည် ဖိနှိပ်အုပ်ချုပ်သွားလို့ရအောင် လုပ်လာတဲ့ ဒီလို ရွေးကောက်ပွဲ အတုမျိုးကို မဲသွားထည့်ရလောက်အောင် မမိုက်မဲဘူး၊ မင်းအောင်လှိုင် အာဏာရူးနေတာလည်း လူတိုင်း သိပြီးသား။ သူ့ကြောင့် လူပေါင်းထောင်ချီ အသတ်ခံခဲ့ရပြီးပြီ။ လူပေါင်းသိန်းနဲ့ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပြီ။ အိမ်တွေလည်း မီးရှို့ဖျက်ဆီးခံခဲ့ရသလို၊ ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်းနဲ့ ဗလီကျောင်းပေါင်း ရာနဲ့ချီပြီးတော့လည်း ပျက်စီးခဲ့ရပြီ။ ဒါတွေအားလုံးကို သိရက်နဲ့.. ကျမက ဘာကြောင့် မဲပေးရမှာလဲ။
“ကျမရဲ့ ဆုံးဖြတ်ချက်ကို ဘယ်လိုနည်းနဲ့မှ မပြောင်းလဲဘူး၊ သူတို့ ဘယ်လိုဘဲ ခြိမ်းခြောက် ခြိမ်းခြောက် ကျမ ဂရုမစိုက်ဘူး။ ကျမရဲ့ တခုတည်းသော ဆန္ဒကတော့ (အဖမ်းခံထားရတဲ့) သမီးလေး အိမ်ကို ပြန်ရောက်လာပြီး ရင်ခွင်ထဲ ထည့်ဖက်ထားချင်တာရယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အပြစ်ကင်းစင်တဲ့ အပြုံးကို တကျော့ပြန် မြင်တွေ့ခွင့်ရဖို့ရယ်၊ နောက်ပြီး သူ ပေးနေကျ ခွန်အားဖြစ်စေမဲ့ အသံလေးကို ပြန်ကြားချင်တာရယ်ပါပဲ။"
အသက် ၆၅ နှစ်ရှိ ဆံသဆရာ ဦးကြည်ကလည်း “ဒေါ်အောင်ဆန်းစုကြည်ဟာ ကျနော်တို့ရဲ့ သူရဲကောင်းဖြစ်သလို၊ ကျနော်တို့နိုင်ငံအတွက် စံပြခေါင်းဆောင်တဦးလည်း ဖြစ်ပါတယ်။ သူဟာ ဘယ်တော့မှ အရှုံးမပေးဘူး၊ ဘယ်တော့မှ ဒူးမထောက်ဘူး၊ ဘယ်တော့မှလည်း ဦးမညွှတ်ဘူး” ဟု ပြောခဲ့သည်။
ယခုထိတော့ မဲလာမထည့်သည့် ဒေါ်အေးအေး၊ ဦးကြည်တို့လို လူများကို အနှောင့်အယှက်ပေးသည့် သတင်းမျိုးတော့ ထွက်မလာသေးပေ၊ ပထမတကြိမ်တွင် ၎င်းတို့ ဘာလုပ်မှန်း မသိ၍ ကြောက်ကြောက်နှင့် မဲလာထည့်သူ အများအပြား ရှိနေသည်။
ယခုကတော့ ပထမအကြိမ်နှင့်ပင် မင်းအောင်လှိုင်သည် လိုဘ ပြည့်သွားပြီဖြစ်၍ နောက်ထပ် နာမည်ပျက်ခံပြီး မဲလာမထည့်သူများကို ဒုက္ခပေးတော့မည် မဟုတ်။
ပထမအကြိမ်ထက်ပင် ပို၍ အဓိပ္ပာယ်မဲ့လာသော ဒုတိယအကြိမ်
ဒီဇင်ဘာ ၂၈ တွင် ပြီးဆုံးသွားသော ရွေးကောက်ပွဲတွင် မဲလာပေးသူ အရေအတွက် လွန်စွာ နည်းပါးပြီး ကြိုတင်မဲများအပေါ် အဓိကအားထားနေရသည့်အတွက် ဒုတိယအဆင့်အပေါ် ပို၍ပင် သံသယရှိလာကြသည်။
ပို၍ဆိုးသွားသည်က ရွေးကောက်ပွဲကို တရုတ်သမ္မတ ရှီကျင့်ဖျင်၏ သဘောတူညီချက်ဖြင့် လုပ်ခဲ့ခြင်း ဖြစ်သည်ဟု အာရှရေးရာ အထူးသံတမန် တိန်ရီချွန်းက ရွေးကောက်ပွဲ အပြီး ၂ ရက် အကြာတွင် ထုတ်ဖော်ပြောဆိုလာခြင်းပင် ဖြစ်သည်။
ပြည်တွင်းတွင် တရုတ် မုန်းတီးရေး စိတ်ဓာတ်များ ပြင်းထန်နေသည့်ကြား ထိုစကားကို အမိအရ ထုတ်ပြောလာခြင်းသည် လက်ရှိ ရွေးကောက်ပွဲအား အိမ်နီးချင်းနိုင်ငံများ၊ အထူးသဖြင့် အာဆီယံ နိုင်ငံများအား အသိအမှတ်ပြုလာဖို့ ရည်ရွယ်လိုက်ခြင်း ဖြစ်သည်က သိသာ ထင်ရှားနေပေသည်။ ယင်းနှင့်အတူ ရွေးကောက်ပွဲဖြင့် ပေါ်ထွက်လာသော အစိုးရမျိုးနှင့်သာ ရှေ့လျှောက် ဆက်ဆံလိုသည် ဆိုသော ရှီကျင့်ဖျင်၏ ဆန္ဒ အကောင်အထည်ဖော်ရန် လူထုက မဲရုံများသို့ သွားပြီး အိန္ဒိယ လုပ်စက်များကို နားလည်သည် ဖြစ်စေ၊ မနားလည်သည် ဖြစ်စေ ရမ်းသန်း ထည့်ပေးကြရသည်။
ဝင်ရောက် ယှဉ်ပြိုင်ပေးရသည့် ပါတီများဘက်က ကြိုတင်မဲများနှင့်ပတ်သက်ပြီး ဆူညံ ပွက်လောရိုက်လာသော်လည်း ရွေးကော်မှ မည်သို့မျှ ဝင်ရောက် ဖြေရှင်းပေးခြင်းမရှိသည့်အပြင် ဥက္ကဋ္ဌဖြစ်သူ စစ်အရာရှိဟောင်း သန်းစိုးကပင် နိုင်ငံရေးပါတီများအနေဖြင့် ပြိုင်ဘက်ပါတီများ အပေါ် အမနာပ ပြောမည်ဆိုက ရာဇဝတ်မှုမြောက်ကြောင်း ရွေးကောက်ပွဲအပြီး တပတ်အကြာတွင် ထုတ်ပြီး သတိပေးလာသည်။
၎င်းတို့အဖို့က တော်လှန်ရေးတပ်များ ဝိုင်းပတ် ပိတ်ဆို့ထားသည့် မြိုများရှိ တပ်ရင်း ဝင်းအတွင်း မဲရုံတရုံ ဖွင့်နိုင်လျှင်ပင် ထိုမြို့သည် ရွေးကောက်ပွဲ လုပ်နိုင်သည့် မြို့စာရင်းထဲ ဝင်သွားလေပြီ ဖြစ်သည်။
ဥပမာအားဖြင့် မြန်မာနောင်း သတင်းအရ ဝိုင်းမော်၊ မိုးညှင်း၊ မချမ်းဘော၊ ဖရူးဆိုး၊ ဒီမောဆိုး၊ လှိုင်းဘွဲ့၊ ဖာပွန်၊ ရခိုင်ပြည်နယ် မြို့များ ထိပ်ဆုံးက ပါဝင်နေသည်။ စစ်ကိုင်းနှင့် မကွေးတိုင်းတို့တွင် လက်တဆုပ်စာမျှ ရှိသော မြို့နယ်များသာ ရှိနေသည်။
ဖာပွန်သို့ ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိခဲ့သော အယ်ဂျာဇီယား သတင်းထောက်ကမူ လေဆိပ်ရှိရာ မြို့လည်း ဖြစ်ပြီး စည်ကားခဲ့သောမြို့သည် ယခုအခါ လူသူကင်းမဲ့နေသည့် Ghost town မြို့အလား ဖြစ်နေပြီဟု ရေးသားထားသည်။
မဲပေးခြင်းကို လမ်းမအတိုင်း ၆ မိုင် ခန့်အကွာရှိ စစ်ဗျူဟာအခြေချစခန်းအတွင်း၌ ပြုလုပ်မည် ဖြစ်သည်။ သို့သော် မဲပေးလိုသူ မည်သူမဆိုသည် မြေမြှုပ်မိုင်းများ၊ ထောင်ချောက်ဗုံးများနှင့် ၂၀၂၄ ခုနှစ်ကတည်းက ဝိုင်းရံပိတ်ဆို့ခံထားရသည့် အစိုးရစစ်သား ၈၀၀ ခန့်ကို ဖြတ်ကျော်သွားကြရမည် ဖြစ်သည်ဟု ဆိုသည်။
မဲလာပေးသူ ၃၅ ရာနှုန်း ခန့်ပင် ရှိမည်ဟု ရွေးကောက်ပွဲ အရာရှိများက ခန့်မှန်းကြောင်းလည်း ရေးသားထားသည်။
ရွေးကောက်ပွဲ ရလဒ်သည်လည်း စစ်တပ်၏ ပါးစပ်ဖျားတွင်သာ ရှိသည်ဟု ရန်ကုန် ဒေသခံ တဦးက ပြောကြောင်းနှင့် လက်ရှိ လူထု ခံစားနေရသော ဒုက္ခများမှ လွတ်ကင်းရာ လွတ်ကင်းကြောင်း ဖြစ်လာမည် မဟုတ်ကြောင်း AFP သတင်း တွင် ဖေါ်ပြထားသည်။
ဆန်းစစ်လေ့လာသူများကမူ စစ်အုပ်စုသည် ၎င်းတို့၏ ပုံရိပ်ကို အဖတ်ဆယ်ရန်၊ သံတမန်ရေးရာ ဆက်ဆံရေး တိုးတက်စေရန်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုရရှိလာစေရန်နှင့် တော်လှန်ရေးအင်အားစုများ၏ အရှိန်အဟုန်ကို လျှော့ချရန် ရည်ရွယ်၍ ရွေးကောက်ပွဲကို ကျင်းပနေခြင်းဖြစ်သည်ဟု သိရသည်။
ထန်းတပင်မှ မင်းလှအထိ ပဲခူးတိုင်း တတိုင်းလုံးတွင် ပေါက်ကွဲမှုများ ဖြစ်ပွားလာပြီး ရန်ကုန်အနီး ထန်းတပင်တွင် ရွေးကော်အရာရှိတဦး သေဆုံးသွားခဲ့သည်။ ရွေးကောက်ပွဲ လုပ်သည့် ၁၀၂ မြို့နယ် အနက် ၁၁ မြို့နယ်တွင် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။
လက်ရှိအချိန်အထိ ရွေးကောက်ပွဲကို မဆိုသလောက် ဆန့်ကျင်ခဲ့မှုများနှင့်ပင် ဖမ်းဆီးခံထားရသူ ၃၃၀ ကျော် ရှိနေပြီ ဖြစ်သည်ဟု သိရသည်။
နိုင်ငံတကာပဋိပက္ခလေ့လာရေးအဖွဲ့ (ICG) မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်းအကြံပေး ပုဂ္ဂိုလ် ရစ်ချတ်ဟော်ဆေးက“USDP ပါတီဟာ တောင်ပြိုကမ်းပြို အနိုင်ရဖို့ လမ်းကြောင်းပေါ် ရောက်နေပါတယ်။ ဒါဟာလည်း အံ့သြစရာတော့ မဟုတ်ပါဘူး၊ ဘာလို့လဲဆိုတော့ သူတို့အသာစီးရအောင် အဘက်ဘက်ကနေ လုပ်ဆောင်ပေးထားလို့ပါ။ အဓိက ပြိုင်ဘက်တွေကို ဖယ်ရှားပစ်တာနဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်မှုတွေ မရှိအောင် ချုပ်ကိုင်ထားတဲ့ ဥပဒေတွေ ပြဋ္ဌာန်းထားတာမျိုးတွေ ပါဝင်ပါတယ်” ဟု ပြောကြားခဲ့သည်။
စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်းက“ရွေးကောက်ပွဲပြီးရင် ကန့်သတ်ချက်တွေ လျော့ကျသွားမယ်၊ ပြီးတော့ နိုင်ငံတကာ ဆက်ဆံရေးတွေဟာလည်း ပိုပြီး ပွင့်လင်းမြင်သာလာမယ်လို့ ယုံကြည်သည်” ဟု ပြောလာခဲ့သည်။
တရားမျှတမှု၊ ပွင့်လင်းမြင်သာမှုနှင့် စစ်မှန်သည့် ယှဉ်ပြိုင်မှုများ ကင်းမဲ့နေသည့် စစ်အုပ်စု၏ ရွေးကောက်ပွဲသည် တည်ငြိမ်ရေးဆီ ဦးတည်သည့် လမ်းကြောင်းဖြစ်လာမည် မဟုတ်ဘဲ၊ စစ်အာဏာရှင်စနစ်ကို အမြစ်တွယ် ခိုင်မာအောင် လုပ်ဆောင်မည့် နောက်ထပ် လက်နက်တခုသာ ဖြစ်သွားနိုင်ပြီး ပြည်သူ့ဆန္ဒနှင့် မြေပြင်ရှိ ပကတိအခြေအနေများနှင့်လည်း ကင်းကွာနေသည်ဟု မြန်မာနောင်းက ရေးသားထားသည်။
ယနေ့တွင် စစ်တပ်မှ ရိုဟင်ဂျာ လူနည်းစုများအပေါ် ကျုးလွန်ခဲ့မှုများသည် လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ခြင်း ရှိ၊ မရှိ ဆိုသည်ကို သည်ဟိဂ် ရှိ နိုင်ငံတကာတရားရုံးတွင် နှစ်ပတ်ကြာ အပြီးသတ် ကြားနာမှု စတင်လာခဲ့ပြီ ဖြစ်သည်။
၎င်းတို့ ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများ အရိပ်လို ကပ်လိုက်လာနေပြီ ဆိုသည်ကို ဇော်မင်းထွန်း မေ့လျော့နေပုံရသည်ဟု ဆိုရမည် ဖြစ်သည်။
ယခုကဲ့သို့ နိုင်ငံတကာအလယ်တွင် ရုံးထုတ်စစ်ဆေးခံရမှုကြောင့် စစ်အုပ်စု၏ အာဏာချုပ်ကိုင်မှုနှင့် လုပ်ချင်တိုင်း လုပ်ပြီး ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ရနေမှုများအတွက် ကြီးမားသည့် စိန်ခေါ်မှုတရပ် ဖြစ်လာသည်ဟု Fortify Rights ၏ လူ့အခွင့်အရေးဆိုင်ရာ အကြီးတန်းကျွမ်းကျင်သူ ဦးဇော်ဝင်း က မှတ်ချက်ချခဲ့သည်။
တရားလို ဖြစ်သည့် ဂမ်ဘီယာဘက်မှ လျှောက်လဲချက်အား ဇန်နဝါရီ ၁၂ မှ ၁၅ ရက်အထိ တင်ပြရမည်ဖြစ်ပြီး တရားခံဖြစ်သည့် စစ်အုပ်စုမှ ဇန်နဝါရီ ၁၆ မှ ၂၀ ရက်အထိ ချေပရမည် ဖြစ်သည်။


