
ဖေဖော်ဝါရီ ၈ ရက်မှာ ကျင်းပမဲ့ ထိုင်းအထွေထွေရွေးကောက်ပွဲမှာ အတိုက်အခံ People's Party နဲ့ ပါတီခေါင်းဆောင် နတ်ထဖုန်း ရူအန်ပညာဝတ် တို့ဟာ လူကြိုက်အများဆုံး ဖြစ်နေတယ်လို့ စစ်တမ်း ၂ ခုအရ သိရပါတယ်။
ဇန်နဝါရီ ၆ ရက်ကနေ ၉ ရက်အထိ ကောက်ယူခဲ့တဲ့ Suan Dusit စစ်တမ်းမှာ People's Party က ၃၄ ဒသမ ၂ ရာခိုင်နှုန်းနဲ့ ထိပ်ဆုံးက ဦးဆောင်နေပါတယ်။
ဝန်ကြီးချုပ်နေရာအတွက် နတ်ထဖုန်းက ၃၂ ရာခိုင်နှုန်းနဲ့ ရေပန်းအစားဆုံးဖြစ်နေပြီး ဖွေ့ထိုင်းပါတီက ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ တူ ယုဒ်ချနန် ဝုန်းဆဝပ်က ဒုတိယလိုက်နေပါတယ်။
National Institute for Development Administration (Nida) စစ်တမ်းမှာလည်း နတ်ထဖုန်းကို ဝန်ကြီးချုပ်အဖြစ် ထောက်ခံသူ ၂၄ ဒသမ ၇ ရာခိုင်နှုန်းရှိပြီး ဖုမ်းကျိုင်းထိုင်းပါတီက လက်ရှိအိမ်စောင့်ဝန်ကြီးချုပ် အနုထင်း ချန်းဝီရကွန်းကိုတော့ ၂၀ ဒသမ ၈ ရာခိုင်နှုန်းက ထောက်ခံထားပါတယ်။
ဇန်နဝါရီ ၅ ရက်ကနေ ၈ ရက်အထိ ကောက်ယူခဲ့တဲ့ Nida စစ်တမ်းမှာလည်း People's Party က ၃၀ ဒသမ ၅ ရာခိုင်နှုန်းနဲ့ လူကြိုက်အများဆုံး ဖြစ်နေတာပါ။
People's Party ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ရွေးကောက်ပွဲမှာ Move Forward ပါတီအဖြစ် ဝင်ပြိုင်ခဲ့ပြီး အမတ်နေရာ အများဆုံး ရခဲ့ပေမဲ့ ညွန့်ပေါင်းအစိုးရ မဖွဲ့နိုင်ခဲ့သလို ပါတီဖျက်သိမ်းခံခဲ့ရပါတယ်။
ဒါကြောင့် People’s Party ဟာ အတိုက်အခံအဖြစ်ပဲ ရပ်တည်ခဲ့ပါတယ်။ နိုင်ငံရေး မတည်ငြိမ်မှုတွေကြားမှာပဲ အိမ်စောင့်ဝန်ကြီးချုပ် အနုထင်းက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်မှာ ရွေးကောက်ပွဲ အချိန်စောကျင်းပဖို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။
ရှင်နာဝပ် မိသားစုရဲ့ ဖွေ့ထိုင်းပါတီကတော့ ဝန်ကြီးချုပ် ဖဲထောင်းထန်း ရှင်နာဝပ် ရာထူးက ဖယ်ရှားခံရပြီးနောက်ပိုင်း လူထုထောက်ခံမှု ကျဆင်းလာတာကို စစ်တမ်းတွေမှာ တွေ့မြင်ရပါတယ်။
Source: Reuters


