
ထိုင်းလူမျိုး အလုပ်သမားတွေနဲ့ စားသောက်ဆိုင်ဖွင့်ထားတဲ့ မြန်မာအလုပ်သမားတွေအကြား ရန်ပွဲမှာ မြန်မာနိုင်ငံသားတွေဘက်က ရဲစခန်းမှာ လာရောက်ဝန်ခံခဲ့တာကြောင့် ပြေလည်မှု ရရှိခဲ့တယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ခရိုင်၊ ဘန်ဘောအရပ်က စားသောက်ဆိုင်ရှေ့မှာ မြန်မာနိုင်ငံသားတချို့က ဒလီသမား ထိုင်းနိုင်ငံသားတွေကို အုပ်စုဖွဲ့ ရိုက်နှက်ကာ ရန်ဖြစ်ခဲ့တဲ့ ဖြစ်စဥ်မှာ ကျူးလွန်သူ မြန်မာနိုင်ငံသားတွေက ရဲစခန်းမှာ ကိုယ်တိုင် လာရောက်ဝန်ခံခဲ့တယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၁၁ ရက်မှာ စားသောက်ဆိုင်ပိုင်ရှင်လို့ ယူဆရတဲ့ မြန်မာနိုင်ငံသားရဲ့ကားနဲ့ အစားအသောက်ပို့တဲ့ ထိုင်းဒလီသမားတယောက်ရဲ့ ဆိုင်ကယ်တို့ မတော်တဆ ဖြစ်ခဲ့တဲ့နောက်မှာ ထိုင်းဒလီသမားက ဆိုင်ကယ်ဟွန်းတီးခဲ့လို့ မြန်မာနိုင်ငံသားက ရိုင်းစိုင်းတဲ့ အပြုအမှုတွေနဲ့ ဆိုင်ကိုလိုက်ခဲ့ဖို့ စိန်ခေါ်ခဲ့တယ်လို့ သိရပါတယ်။
ဆိုင်ကိုလိုက်လာတဲ့ ထိုင်းဒလီသမားနဲ့ သူငယ်ချင်း ၂ ယောက်ကို ဆိုင်ထဲက မြန်မာတွေ အုပ်စုလိုက် ဘေ့စ်ဘောတုတ်တွေနဲ့ ထွက်ရိုက်ခဲ့ကြောင်း ထိုင်းသတင်းက ဖော်ပြတဲ့ ရုပ်သံဖိုင်တွေအရ သိရပါတယ်။
ဇန်နဝါရီ ၁၃ ရက်မှာတော့ ကျူးလွန်သူတွေကိုယ်တိုင် ရဲစခန်းမှာ လာရောက်ဝန်ခံခဲ့တာကြောင့် ပြေလည်မှု ရရှိသွားပြီလို့ အေအေစီ ကိုရဲမင်း က DVB ကို ပြောပါတယ်။
“ဒလီသမားတွေကို ပြန်ရိုက်နှက် ထိုးကြိတ်ခဲ့တဲ့ ဆိုင်ကယ်တွေကို ဖျက်ဆီးခဲ့တဲ့ မြန်မာနိုင်ငံသားတွေက ဒီနေ့ ရဲစခန်းမှာ တောင်းပန်တယ်၊ သူတို့အမှားကို ဝန်ချတောင်းပန်တာပေါ့။ နှစ်ဖက်စလုံးကလည်း ရန်ပွဲမှာ ပါဝင်ပတ်သက်ခဲ့တဲ့အတွက် သက်ဆိုင်ရာ ရဲတွေကလည်း ထိုင်းရဲတွေကလည်း ရန်ပွဲအဖြစ် သတ်မှတ်ပြီးတော့ ကျူးလွန်သူဘက်ကို ဒဏ်ငွေ ၁၀,၀၀၀ ရိုက်လိုက်တယ်လို့ သိရတယ်။ ပြီးတော့ ဆိုင်ကတော့ စာရွက်စာတမ်းတွေ ပြန်လည်စစ်ဆေးပြီးတော့ ဆိုင်ကို အပြီးတိုင်ပိတ်သိမ်းရင်လည်း ပိတ်သိမ်းနိုင်တယ်လို့ နောက်ဆုံး သိရပါတယ်။”
ရန်ပွဲဖြစ်ပွားပြီးနောက် ညနေပိုင်းလောက်မှာ ထိုင်းဒလီသမား အယောက် ၁၀၀ ကျော်လောက်နဲ့ ထိုင်းလူမျိုးရေး တက်ကြွသူတွေက စားသောက်ဆိုင်ကို ရောက်လာခဲ့ပြီး ရန်ပွဲဖြစ်ပွားစေခဲ့တဲ့ မြန်မာနိုင်ငံသား ၆ ယောက်ကို ထုတ်ပေးဖို့ စုဝေးခဲ့ကြပါတယ်။
ဒီလိုဖြစ်စဉ်တွေကြောင့် မြန်မာတွေအကြားမှာ ထိုင်း-မြန်မာ လူမျိုးရေးပဋိပက္ခတွေအထိ ဦးတည်လာမှာကို မြန်မာတွေက စိုးရိမ်နေကြပါတယ်။
ထိုင်းရောက် မြန်မာအလုပ်သမားတယောက်က “ဒီကိစ္စက ဘယ်သူ မှားတယ်၊ ဘယ်သူ မှန်တယ်ဆိုတာ ပြောဖို့ထက်ကို ကျနော်တို့က ကိုယ့်မြေကိုယ့်ရေမှာ ရှင်သန်နေကြရတာ မဟုတ်ဘူးလေ။ နိုင်ငံအုပ်ချုပ်သူတွေ မကောင်းတော့ သူများနိုင်ငံမှာ ဖိနှိပ်ခံဘဝနဲ့ နေကြရတာ၊ ပြဿနာဖြစ်လာပြီ ဆိုရင်လည်း အုပ်ချုပ်သူတွေက ဘာတခုမှ ကာကွယ်ပေးတာမရှိဘူး။ အခုချိန်က ကိုယ်တိုင်ပဲ တာဝန်ယူနေကြရတာ ဆိုတော့ အခုလိုချိန်မှာ မြန်မာနိုင်ငံသားပါ ဆိုတာမျိုး သတင်းတွေ တက်လာတဲ့အခါ ကျနော်တို့အားလုံး စိုးရိမ်နေကြတာ” လို့ ပြောပါတယ်။
လက်ရှိမှာတော့ မြန်မာနိုင်ငံသား ဖွင့်ထားတဲ့ ဆိုင်ကို အကန့်အသတ်မရှိ ပိတ်ထားမှာဖြစ်ပြီး ထိုင်းနိုင်ငံ ဥပဒေအတိုင်း လိုက်နာကြဖို့ အလုပ်သမားရေး ဆောင်ရွက်သူတွေက တိုက်တွန်းထားပါတယ်။
အခုဖြစ်ရပ်နဲ့ပတ်သက်လို့ ကျူးလွန်သူ မြန်မာနိုင်ငံသားတွေအနေနဲ့ ရဲစခန်းမှာ ကိုယ်တိုင် လာရောက် ဝန်ခံခဲ့တဲ့အပေါ် မြန်မာအသိုက်အဝန်းကြားမှာ ချီးကျူးပြောဆိုနေကြပါတယ်။
ဝေဝေ


