
နိုင်ငံအနှံ့ ရွေးကောက်ပွဲဆန့်ကျင်ကန့်ကွက်မှုများ ဖြစ်ပွားနေပြီး ပထမပိုင်းရွေးကောက်ပွဲမှာ မဲပေးသူ အလွန်နည်းပါးခဲ့ပေမဲ့ စစ်အုပ်စုက ရွေးကောက်ပွဲ ဒုတိယပိုင်းကို ဆက်လက်ကျင်းပတာဟာ လုပ်ဇာတ်တခုဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က ဇန်နဝါရီ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
ဒီဇင်ဘာ ၂၈ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲပထမပိုင်းမှာ နေရာအနှံ့ လူထုဆန့်ကျင်ကန့်ကွက်မှုတွေ ဖြစ်ပွားခဲ့ပြီး မဲရုံအများအပြားမှာ မဲပေးသူ မရှိသလောက် ဖြစ်ခဲ့တယ်လို့ SAC-M က ဆိုပါတယ်။
ဒီအခြေအနေတွေဟာ စစ်အုပ်စုရဲ့ တရားဝင်မှုမရှိကြောင်းကို ထင်ရှားစေတယ်လို့ဆိုပြီး ဒီရွေးကောက်ပွဲဟာ စစ်အုပ်စုရဲ့ ကိုယ်ပွားပါတီဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနိုင်ရရေးအတွက် စီစဉ်ထားတဲ့ လုပ်ဇာတ်တခုသာဖြစ်တယ်လို့လည်း ထုတ်ပြန်ပါတယ်။
ဒါ့အပြင် နိုင်ငံရေးပါတီအများအပြားကို ပါဝင်ခွင့်ပိတ်ပင်ထားပြီး ဒီမိုကရေစီခေါင်းဆောင်များကို နိုင်ငံရေးအကျဉ်းသားအဖြစ် ဖမ်းဆီးထားတဲ့အခြေအနေမှာ ကျင်းပနေတဲ့ ဒီရွေးကောက်ပွဲဟာ လုံးဝမတရားတဲ့ လုပ်ရပ်ဖြစ်တယ်လို့ SAC-M က ထောက်ပြပါတယ်။
ဒါကြောင့် နိုင်ငံတကာအသိုက်အဝန်အနေနဲ့ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ငြင်းပယ်ဖို့နဲ့ စစ်အုပ်စုကို မည်သည့်ပုံစံနဲ့မှ တရားဝင်မှု မပေးဖို့ တိုက်တွန်းထားပါတယ်။


