
ထိုင်းတောင်ပိုင်း ဆဒွန်းခရိုင်ထဲမှာ ဆေးကြောင်နေတဲ့ မြန်မာလုပ်သားတယောက်က လမ်းဘေးမှာ ရပ်ထားတဲ့ မော်တော်ကားနဲ့ ဆိုင်ကယ်အစီးရေ ၂၀ နီးပါးကို ပေါက်ချွန်းနဲ့ လိုက်လံ ဖျက်ဆီးခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
မနေ့ ဇန်နဝါရီ ၁၃ ရက် မနက် ၃ နာရီကျော်မှာ လာ့ငူးမြို့၊ ရပ်ကွက် ၆ ရှိ လာ့ငူး-ပတ်ပါရာသွား လမ်းမပေါ်မှာ လူတယောက်က အများပြည်သူပိုင်ကားတွေ လိုက်လံထုနှက် ဖျက်ဆီးနေကြောင်း တိုင်ကြားချက်ရတာကြောင့် သွားရောက်စစ်ဆေးခဲ့တယ်လို့ လာ့ငူးနယ်မြေရဲစခန်း တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။
ရပ်ကွက်ထဲက လူအများ အိပ်မောကျနေချိန်မှာ လမ်းပေါ်က ထုနှက်သံတွေ ကြားတာကြောင့် ပြတင်းပေါက်ဖွင့်ပြီး ကြည့်တော့ လူတယောက်က လမ်းဘေးနဲ့ အိမ်ရှေ့မှာရပ်ထားတဲ့ ကားတွေကို တစုံတရာနဲ့ ထုနှက်ဖျက်ဆီးနေတာ တွေ့လို့ ရဲစခန်းကို တိုင်ကြားလိုက်တာလို့ ဆိုပါတယ်။
တာဝန်ရှိသူတွေ ရောက်လာချိန်မှာ အမျိုးသားတယောက်က ပေါက်ချွန်းကိုင်ပြီး ကားမှန်တွေ လိုက်ခွဲနေလို့ ဖမ်းဆီးလိုက်တယ်၊ ဆီးစစ်ရာမှာ ခရမ်းရောင်ပေါ်နေလို့ မူးယစ်ဆေးကြောင်ပြီး ခုလိုလုပ်တာ ဖြစ်တယ်၊ သူဟာ အသက် ၄၅ နှစ်အရွယ် ကိုဇော် ဆိုသူ မြန်မာအလုပ်သမားတယောက် ဖြစ်တယ်လို့ ဆိုပါတယ်။
ထုနှက်ခံရတဲ့ကားတွေမှာ အိမ်စီးကား၊ ဟိုင်းလပ်ကား၊ ပစ်ကပ်ကား စုစုပေါင်း ၁၈ စီးနဲ့ မော်တော်ဆိုင်ကယ်တစီး ဖြစ်ပြီး ကားဘော်ဒီတွေ ပိန့်ချိုင့်ကာ မှန်တွေ ကွဲကုန်တယ်၊ ပျက်စီးဆုံးရှုံးမှုတွေအတွက် ဘယ်လိုလျော်ကြေးရမလဲ ဆိုတာတော့ မသိရသေးပါဘူး။
ကျူးလွန်သူ မြန်မာနိုင်ငံသားကိုတော့ အများပြည်သူပစ္စည်းဥစ္စာ ဖျက်ဆီးမှု၊ နိုင်ငံထဲ တရားမဝင် ဝင်ရောက်မှု၊ အပြင်းစား အဆင့် ၁ မူးယစ်ဆေးဝါး သုံးစွဲမှုတွေနဲ့ အရေးယူသွားမယ်လို့ ရဲစခန်းက ပြောသွားပါတယ်။
Source: JoCho News / Satun News


