
ထိုင်းနိုင်ငံမှာ ခိုလှုံနေထိုင်နေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်တွေမှာ မပါဝင်ဖို့နဲ့ ဥပဒေနဲ့မညီတဲ့ လုပ်ရပ်တွေကို ရှောင်ကြဉ်ကြဖို့ ဇန်နဝါရီ ၁၄ ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။
ထိုင်းနိုင်ငံရဲ့ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေ၊ ယဉ်ကျေးမှုနဲ့ ဒေသန္တရစည်းကမ်းတွေကို လေးစားလိုက်နာကာ အိမ်ရှင် လူမှုအသိုင်းအဝိုင်းနဲ့ သဟဇာတဖြစ်စွာ နေထိုင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။
ဒါ့အပြင် ခိုလှုံနေထိုင်နေတဲ့ မြန်မာနိုင်ငံသားတွေကို လူသားချင်းစာနာထောက်ထားကာ ကာကွယ်စောင့်ရှောက်ပေးနေတဲ့ ထိုင်းနိုင်ငံ ဘုရင်မင်းမြတ်၊ ထိုင်းအစိုးရနဲ့ ထိုင်းပြည်သူလူထုကို ကျေးဇူးတင်ရှိကြောင်းကိုလည်း NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ခရိုင်၊ ဘန်ဘောအရပ်က စားသောက်ဆိုင်ရှေ့မှာ မြန်မာနိုင်ငံသားတချို့က ဒလီသမား ထိုင်းနိုင်ငံသားတွေကို အုပ်စုဖွဲ့ ရိုက်နှက်ကာ ရန်ဖြစ်ခဲ့လို့ ထိုင်းနိုင်ငံသားတွေနဲ့ ပဋိပက္ခဖြစ်ပြီးနောက် NUG အစိုးရက အခုလိုထုတ်ပြန်လိုက်တာဖြစ်ပါတယ်။


