
ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP၊SSA) ထိန်းချုပ်ထားတဲ့ နယ်မြေမှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေဟာ သမိုင်းတလျှောက် အကြီးမားဆုံးဖြစ်ပြီး ခန့်မှန်းတန်ဖိုး ၁၆၂၀ ဘီလီယံ ဝန်းကျင်ရှိတယ်လို့ စစ်ကောင်စီဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
ဒီနေ့မနက်က ပြည်ဦးလွင်မြို့နယ်၊ အနီးစခန်းမှာ ပြုလုပ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေ ပမာဏအများဆုံး သိမ်းဆည်းရမိမှု သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။
“SSPP၊ SSA နယ်မြေဖြစ်တဲ့ သီပေါ နဲ့ မိုင်းရယ်ကြားမှာ အွန်လိုင်းလောင်းကစားသတင်းရလို့ ဇန်နဝါရီ ၉ ရက်ကနေ ၁၁ ရက်အထိ ဝင်ဖမ်းတယ်။ အဲဒီမှာမိတဲ့ မူးယစ်ဆေးဝါး နဲ့ ဆက်စပ်ပစ္စည်းတွေက အိုက် ၂၇ တန်၊ အဲဒါကို ဆေးပြားအဖြစ်ပြန်ပြောင်းရင် ဆေးပြား သန်း ၈၁၀ ရမယ်၊ ကာလတန်ဖိုးတွက်ကြည့်ရင် ဘီလီယံ ၁၆၂၀ တန်ဖိုးရှိတယ်၊ မြန်မာနိုင်ငံမှာ ဖမ်းမိတဲ့ မူးယစ်ဆေးဝါးတွေ SSPP၊ SSA နယ်မြေမှာမိတာ အကြီးဆုံးပဲ” လို့ ပြောပါတယ်။
ဇန်နဝါရီ ၉ ရက်က သီပေါနဲ့ မိုင်းရယ်မြို့နယ်ကြားမှာ အွန်လိုင်းလိမ်လည်မှုသတင်းအရ စစ်တပ်က မူးယစ်ရဲတပ်ဖွဲ့နဲ့ အထူးအဖွဲ့ဖွဲ့ပြီး ၃ ရက်ကြာ စစ်ဆင်ရေးလုပ်ကာ ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှ ဖမ်းမိတဲ့ အကြီးမားဆုံး မူးယစ်ဆေးဝါးထုတ်လုပ်မှု သတင်းစာရှင်းလင်းပွဲကို စစ်တပ်၊ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ နဲ့ နိုင်ငံတကာသံတမန်းတွေ တက်ရောက်ခဲ့ပါတယ်။
စစ်ကောင်စီရဲ့ ပြောဆိုမှုတွေအနေနဲ့ ပတ်သက်ပြီး ဇန်နဝါရီ ၁၁ ရက် အွန်လိုင်းလောင်းကစားနဲ့ မူးယစ်ဆေးဝါးကိစွတွေမှာ ပါဝင်ပတ်သက်တာတာမရှိကြောင်း၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP၊SSA) က ငြင်းဆိုထားပါတယ်။


