
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ ဇန်နဝါရီ ၁၄ ရက်က စစ်တပ် စစ်ကြောင်းတခုရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၈ တန်းကျောင်းသား တယောက် သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေ ဆီကနေ သိရပါတယ်။
ဇန်ဝါရီ ၁၄ ရက် မနက်က မုံရွာ နမခ ထဲကနေ ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းတကြောင်းက ဖန်ခါးကျင်း၊ အနောက်ဇီးတော၊ ထနောင်းကုန်းနဲ့ ကံသစ်ရွာတွေထဲကိုဝင်ပြီး ပတ်ဝန်းကျင် ရွာတွေဘက်ကို လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်သွားတာလို့ ဘုတလင်မြို့နယ် လူသားစာနာတာဝန်ခံက ပြောပါတယ်။
“အနောက်ဇီးတောကနေ ပစ်လိုက်တဲ့ လက်နက်ကြီးကျည်က ပိုးကုန်းရွာနားက တောရဘုန်းကြီးကျောင်း တောင်ဘက်မှာရှိနေတဲ့ စစ်ရှောင်တဲတလုံးပေါ်ကိုကျပြီး အသက် ၁၄ နှစ်အရွယ် ၈ တန်းကျောင်းသားလေးတယောက် ဆုံးသွားခဲ့တာ။”
အဆိုပါ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အဆိုပါနေ့မှာပဲ ကြားဖြတ် တိုက်ခိုက်ခဲ့ကြသေးတယ်လို့လည်း ဆိုပါတယ်။
ဘုတလင်မြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “အဲ့ဒိတုန်းက ရန်သူ့စစ်ကြောင်း ကံသစ်ရွာထဲကိုရောက်နေတဲ့အချိန် ကျနော်တို့ဘက်က ကြားဖြတ် တိုက်ခိုက်ခဲ့ သေးတယ်။ တိုက်ပွဲကတော့ တနာရီတောင်မပြည့်လို့ အချိန်မကြာလိုက်ပါဘူး။ သူတို့ဘက်က အထိနာလို့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူတွေတောင်းတာ တိုက်ပွဲခဏလေး အတွင်းမှာတင် ဂျိုင်ရိုကော်ပတာနဲ့ တကြိမ်၊ အသေခံဒရုန်းနဲ့ ၃ ကြိမ်နဲ့ ဟောင်ဝစ်ဇာလက်နက်ကြီးတွေနဲ့က ၅ ကြိမ်ပစ်တယ်။ ဒါပေမဲ့ ကျနော်တို့ရဲဘော်တွေ ထိခိုက်တာတွေမရှိခဲ့ပါဘူး” လို့ ပြောပါတယ်။
တိုက်ပွဲအတွင်းအထိနာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဇန်နဝါရီ ၁၄ ရက် ညနေပိုင်းမှာ သံပြားကာကားကြီး ၆ စီးနဲ့ မုံရွာ နမခ ထဲကို ပြန်လည်ခေါ်ဆောင်သွားတယ်လို့လည်း ဘုတလင်မြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။


