Home
မြန်မာသတင်း
ပေါက်မြို့နယ်ကို စစ်တပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ
DVB
·
January 18, 2026
Photo : ပေါက်မြို့နယ် ပလဖ၊ လူသားစာနာ
Photo : ပေါက်မြို့နယ် ပလဖ၊ လူသားစာနာ
Photo : ပေါက်မြို့နယ် ပလဖ၊ လူသားစာနာ
Photo : ပေါက်မြို့နယ် ပလဖ၊ လူသားစာနာ
Photo : ပေါက်မြို့နယ် ပလဖ၊ လူသားစာနာ
Photo : ပေါက်မြို့နယ် ပလဖ၊ လူသားစာနာ
Photo : ပေါက်မြို့နယ် ပလဖ၊ လူသားစာနာ
Photo : ပေါက်မြို့နယ် ပလဖ၊ လူသားစာနာ
Photo : ပေါက်မြို့နယ် ပလဖ၊ လူသားစာနာ
Photo : ပေါက်မြို့နယ် ပလဖ၊ လူသားစာနာ

မကွေးတိုင်း၊ ပေါက်မြို့နယ် အနောက်မြောက်ခြမ်းကို စစ်တပ်က ၂ ရက်ဆက်တိုက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကျေးရွာဆေးပေးခန်းတခုနဲ့ နေအိမ် ၁၀ လုံး ထိခိုက်ပျက်စီးခဲ့ရပါတယ်။

ဇန်နဝါရီ ၁၇ ရက်နေ့ နေ့လယ် ၁ နာရီဝန်းကျင်မှာ တံတားဦးဘက်က တက်လာတဲ့ ဂျက်ဖိုက်က ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ပေါက်မြို့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာန ပြန်ကြားရေးတာဝန်ရှိသူက “ကနဦးသိရတာက ဆေးပေးခန်းရယ်၊ ရုံးရယ်၊ နေအိမ် ၅ လုံးလို့ သိရပေမဲ့ ဒီနေ့အထိ စိစစ်လိုက်တဲ့အခါ နေအိမ်ပျက်စီးမှုက ၁၀ လုံးအထိ ရှိခဲ့တယ်။ ၂၀၂၅၊ ၈ လပိုင်း နောက်ပိုင်းကစပြီး မကြာခဏ လက်နက်ကြီးပစ်၊ လေယာဉ်ပစ်တာတွေ ရှိနေတယ်” လို့ ပြောပါတယ်။

ပေါက်မြို့နယ် ပလဖ ပြန်ကြားရေးတာဝန်ခံကလည်း လေကြောင်းသတင်းကြိုရပြီး ပြည်သူကို ကြိုတင်သတိပေးနိုင်တာ​ကြောင့် ရှောင်ရှားနိုင်ခဲ့လို့ ပြည်သူတွေ ထိခိုက်သေဆုံးခဲ့တာ မရှိဘူးလို့ ပြောပါတယ်။

ဇန်နဝါရီ ၁၆ ရက် နေ့လယ်ပိုင်းမှာလည်း တံတားဦးကတက်လာတဲ့ ဂျက်ဖိုက်တာက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ စစ်ဘေးရှောင်စခန်းတွေမှာ ယာယီဆောက်လုပ်ထားတဲ့ တဲတွေ ပျက်စီးခဲ့ရပါသေးတယ်။

တိုက်ပွဲမရှိဘဲ ပြည်သူလူထုတွေရှိရာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေကို ဆက်တိုက်ပြုလုပ်နေတာကြောင့် ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေရတယ်လို့လည်း သိရပါတယ်။

ပေါက်မြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “ပေါက်မြို့နယ်ထဲမှာက နေ့တိုင်းလောက်လိုလို လေကြောင်းတိုက်ခိုက်ခံရတာတွေရှိနေတာလေ။ အခုလ ၁၄ ရက်နေ့ ကတည်းက ဒီမြို့နယ်ထဲကို စစ်တပ်စစ်ကြောင်းကလည်း ထပ်ဝင်နေတော့ လေကြောင်းတိုက်ခိုက်တာတွေက ထပ်စိပ်စိပ် ပိုလုပ်လာနေတာ။ အခု ဗုံးကြဲခံရတဲ့ တောင်ကံပိုင်ရွာမှာက တိုက်ပွဲဖြစ်နေတာလည်းမရှိဘူး။ PDF တို့ ပကဖ တို့က အထိုင်စခန်းတွေလည်း မရှိဘဲ ဒီတိုင်းကြဲသွားတာပါ။ ချသွားတဲ့ ဗုံးတွေက ပေါင် ၃၀၀ ဗုံးတွေလို့ ယူဆရပါတယ်” လို့ DVB ကို ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်ထဲမှာ စစ်ကောင်စီတပ်ရဲ့ စက်တပ်လေထီးပစ်ချခံခဲ့ရတဲ့ ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ်အစပ်မှာ ရှိကြတဲ့ကျေးရွာတွေက ပြည်သူတွေအပြင် စစ်ဘေးရှောင် ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးအန္တရာယ်နဲ့ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်တွေကို အထူးသတိပြုနေထိုင်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ဆက်တိုက် သတိပေး တိုက်တွန်းပေးနေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013