Home
မြန်မာသတင်း
အရာတော်က မူကြိုကျောင်းကို စစ်တပ်ကဗုံးကြဲသဖြင့် ကလေးငယ်အပါအဝင် ၂ ဦးသေဆုံး
DVB
·
January 17, 2026

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ကံရင်းကျေးရွာက မူကြိုကျောင်းကို ဇန်နဝါရီ ၁၇ ရက်‌ ဒီနေ့ခင်းပိုင်းမှာ စစ်တပ်က ဗုံးကြဲလို့ ကလေး ၁ ယောက် အပါအဝင် ၂ ယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မွန်းလွဲ ၁ နာရီကနေ ၁ နာရီခွဲလောက်အတွင်း တိုက်လေယာဉ်နဲ့ ဗုံး ၃ ကြိမ်ကြဲခဲ့တာဖြစ်ပါတယ်။

အရာတော်မြို့နယ် တောင်ပိုင်းတိုက်နယ်ပအဖအဖွဲ့ တာဝန်ရှိသူတယောက်က “တံတာဦးတက် ဂျက်ဖိုက်တာတစီး တက်လာပြီလို့ စကားပြောစက်ကနေအသိ ပေးပြောတာကြားလိုက်ရပြီး သိပ်မကြာလိုက်ဘူး ဗုံးကြဲချသံကြားလိုက်ရတာပဲ။ အသံက ကျယ်တယ်။‌ ပေါင် ၅၀၀ ဗုံးဖြစ်လိမ့်မယ်။ အခု သတင်းရတာက‌တော့ ကံရင်းရွာ မူကြိုကျောင်းကို ကြဲချသွားတယ်။ က‌လေးတယောက်၊ အရပ်သား၂‌ ယောက် သေဆုံးပြီး တဦး ဒဏ်ရာပြင်းထန်ရတယ်လို့လည်း သိထားရတယ်” လို့ ပြောပါတယ်။

တံတာဦးလေတပ်ကတပ်လာတဲ့ ဂျက်ဖိုက်တာအပြင် မုံရွာ နမခ ကတက်လာတဲ့ အသေခံဒရုန်း ၃ စင်းနဲ့ပါ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အနောက်မြောက်လွင်ပြင်အင်အားစု တပ်ရင်း ၂ တပ်ခွဲ ၃ တပ်ခွဲမှုး ကိုဝေလင်းက “တိုက်ပွဲဖြစ်တာ မရှိဘူးဗျ၊ စာသင်ကျောင်းကလည်း မထင်ရှားဘူး။ ဗုံးကြဲရုံတင်မဟုတ်ဘူး၊ ကာမီကာဇေဒရုန်းနဲ့လည်း ပစ်တယ်။ စက်သေနတ်နဲ့လည်း ဆွဲသွားတယ်။ အဲဒီမှာ ကျည်ပေါက်ရာတွေရော၊ ကျည်ဆံအဖူးတွေရော တွေ့ရတယ်။ ၂ ယောက်ကတော့ ပွဲချင်းပြီးဆုံးသွားတယ်” လို့ ပြောပါတယ်။

စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့်  ၂ ယောက် သေဆုံးပြီး ကလေးငယ် ၁ ယောက်အပါအဝင် ၃ ယောက် ထိခိုက်ဒဏ်ရာရတဲ့အပြင် နေအိမ် ၄ လုံး၊ ကား ၁ စီးနဲ့ ဆိုင်ကယ် ၄ စီးလည်း ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

ကံရင်းရွာကို စစ်တပ်က မြေပြင်တိုက်ပွဲဖြစ်တာမရှိဘဲ အကြောင်းမဲ့ တိုက်ခိုက်သွားတာလို့လည်း ဒေသခံတွေကပြောပြီး နောက်ထပ် လာရောက်တိုက်ခိုက်မှာကိုစိုးရိမ်တာကြောင့် ဘေးကင်းလုံခြုံရာ ရှောင်တိမ်းနေကြရတယ်လို့လည်း သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013