
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ထဲမှာ ဇန်နဝါရီ ၁၅ ရက်က PDF ရဲဘော်တွေနဲ့ ဒေသခံပြည်သူတွေ ချစ်ကြည်ရေးဘောလုံးပွဲ ကျင်းပနေတဲ့နေရာကို စစ်တပ်က ဗုံးကြဲခဲ့တာကြောင့် ၄ ယောက်ထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
နွားထိုးကြီးမြို့နယ် လူ့အခွင့်အရေးတာဝန်ခံက “ပြောရမှာလည်း ခက်တော့ခက်တယ်ဗျ။ ဆူးဖြူကုန်းရွာမှာ Local PDF ရဲဘော်တွေနဲ့ အဲဒီရွာက ရွာခံတွေ ချစ်ကြည်ရေးဘောလုံးပွဲဆိုပြီး ဘောလုံးပွဲကျင်းပနေတဲ့နေရာကို စစ်တပ်ဘက်က ပေါင် ၅၀၀ ဗုံး ၂ လုံးနဲ့ ကြဲသွားတာ။ PDF ရဲဘော်တွေကော၊ ပြည်သူတွေကော ထိခိုက်သေဆုံးသူများတယ်။ ဒဏ်ရာရတာကတော့ ၂၅၊ ၃၀ လောက်ရှိပြီးတော့ ပြည်သူများတယ်။ သေဆုံးတာလည်း PDF ရဲဘော်တွေရော၊ ပြည်သူတွေရောပဲ။ သေဆုံးတဲ့ အရေအတွက်ကတော့ လောလောဆယ် ၄ ယောက်ထက် မနည်းဘူးလို့ သိထားတယ်။ ဒဏ်ရာရတဲ့အထဲမှာ စိုးရိမ်ရတဲ့သူတွေပါနေလို့ သေဆုံးတဲ့သူ အရေအတွက်က ပိုတိုးနိုင်တယ်” လို့ ပြောပါတယ်။
ဘောလုံးပွဲကျင်းပနေတဲ့နေရာကို ဇန်နဝါရီ ၁၅ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်မှာ ဂျက်ဖိုက်တာ ၂ စီးနဲ့ ရှေ့ဆင့်နောက်ဆင့် ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချသွားခဲ့တာလို့ ဆိုပါတယ်။
နွားထိုးကြီးမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ရှိသူတယောက်က “ဇီးဖြူကုန်းရွာက နွားထိုးကြီးရဲ့မြောက်ဘက် ၇ မိုင်လောက်ပဲ ဝေးတာပါ။ တိုက်ပွဲဖြစ်တာမရှိဘဲနဲ့ အဲဒီဘောလုံးပွဲ လုပ်တယ်ဆိုတာ သတင်းပေါက်သွားလို့ အခုလိုဖြစ်စဥ် ဖြစ်သွားတာဖြစ်နိုင်တယ်။ သေဆုံးသူကတော့ နေရာမှာဆုံးတာက ၃ ယောက်ပါ။ ဆေးကုနေရင်း နောက်တယောက်ထပ်ဆုံးလို့ သေဆုံးသူက ၄ ယောက်ဖြစ်တာ။ သေဆုံးသူတွေထဲမှာ PDF ရဲဘော်တွေနဲ့ ပြည်သူတွေကိုတော့ ခွဲခြားဖို့ စိစစ်နေဆဲမို့ အတိအကျတော့ ပြောလို့မရသေးဘူး။ သေဆုံးသူတွေရဲ့ အသက်အရွယ်တွေကတော့ အသက် ၃၀ အရွယ်တွေပါ” လို့ DVB ကို ပြောပါတယ်။
နွားထိုးကြီးမြို့နယ်ထဲကို စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေလို့ လူစုလူဝေး မပြုလုပ်ကြဖို့ သတိပေးတာတွေကို ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
နွားထိုးကြီးမြို့နယ်အပါအဝင် မြင်းခြံနဲ့ တောင်သာမြို့နယ်တွေထဲကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့နှစ် သြဂုတ်လထဲကစလို့ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေသလို တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က အထိနာကာ အများအပြားထိခိုက်သေဆုံးခဲ့သလို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ရဲဘော်တချို့ ထိခိုက်ကျဆုံးမှုတွေရှိခဲ့တယ်လို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။


