Home
ဆောင်းပါး
တရုတ်နည်းတရုတ်ဟန် စစ်အုပ်စုမဲလိမ်မဲခိုးပွဲ 
DVB
·
January 18, 2026

တရုတ်ကွန်မြူနစ်ပါတီ (CCP) ဟာ သူ့နိုင်ငံအတွင်းမှာ လူ့အခွင့်အရေး ချိုးဖောက်တာ၊ နိုင်ငံရပ်ခြားမှာ ဖိနှိပ်တာတွေ လုပ်နေရုံတင် မကပါဘူး။ တခြား အာဏာရှင်တွေ ကျူးလွန်တဲ့ လူအများအပြား သတ်ဖြတ်မှုတွေကိုပါ နောက်ကွယ်ကနေ ကူညီပံ့ပိုးနေတာပါ။

သူတို့ဟာ ယူကရိန်းစစ်ပွဲမှာ ဗလာဒီမာပူတင်ကို ကူညီသလို၊ မြောက်ကိုရီးယားက ကင်ဂျုံအန်း အစိုးရ သက်ဆိုးရှည်အောင်လည်း လုပ်ပေးနေပါတယ်။ အခုဆိုရင် မြန်မာစစ်ကောင်စီ အသက်ဆက်နိုင်ဖို့အတွက် အဓိက လမ်းကြောင်းတွေကို ပံ့ပိုးပေးနေပြန်ပါပြီ။

ဒီလိုလုပ်ခြင်းအားဖြင့် သူတို့ဟာ အာဏာရှင် ဝင်ရိုးတန်းသစ် တခုကို တည်ဆောက်လိုက်တာဖြစ်ပါတယ်။ မနှစ်တုန်းက ပေကျင်းမှာ ကျင်းပခဲ့တဲ့ အာဏာရှင်များ ထိပ်သီးအစည်းအဝေးဟာ ဒါကို သက်သေပြနေပါတယ်။ အခုဆိုရင် အာဏာရှင် မဟာမိတ်အဖွဲ့ကြီး ဖြစ်လာနေပြီး တရုတ်ရဲ့ လက်အောက်ခံ နိုင်ငံငယ်လေးတွေလို ဖြစ်နေကြပါပြီ။ ဒါဟာ အရင်တုန်းက ရုရှားရဲ့ ဝါဆောစာချုပ်အဖွဲ့ရဲ့ နောက်ဆက်တွဲပုံစံဖြစ်ပြီး NATO ကို ယှဉ်ပြိုင်မဲ့ ပြိုင်ဘက်အဖွဲ့ ဖြစ်လာနေပါတယ်။

လက်ရှိအချိန်မှာ CCP ရဲ့ ဩဇာလွှမ်းမိုးမှု အကြီးမားဆုံးနဲ့ အန္တရာယ်အရှိဆုံးက မြန်မာနိုင်ငံမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ လူတွေက သတိမထားမိကြပါဘူး။ ပေကျင်းက မြန်မာနိုင်ငံကို သူ့ရဲ့ နောက်ဖေးခြံဝင်းလို သဘောထားရုံတင်မကပါဘူး။ သူ့အကျိုးစီးပွားအတွက် မဟာဗျူဟာမြောက် ကစားကွင်းတခုလိုပါ သသတ်မှတ်ထားပါတယ်။

စစ်ဖြစ်နေတဲ့ ဒီနိုင်ငံမှာ "တည်ငြိမ်မှု" ရဖို့ သူတို့ ကြိုးပမ်းနေတာဟာ မြန်မာပြည်သူတွေ ကောင်းစားဖို့ မဟုတ်ပါဘူး။ နယ်စပ်ကုန်သွယ်ရေး၊ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှု၊ မြေရှားသတ္တု၊ ကျောက်စိမ်းနဲ့ စွမ်းအင်လိုမျိုး သူ့စီးပွားရေး အကျိုးအမြတ်တွေကို ကာကွယ်ချင်လို့ပဲဖြစ်ပါတယ်။ ပြီးတော့ အရေးကြီးဆုံးက သူ့ရဲ့ ရေကြောင်းဆိုင်ရာ ရည်မှန်းချက်တွေကြောင့်ပါပဲ။

တရုတ်ဟာ ဘင်္ဂလားပင်လယ်အော် ထွက်ပေါက်ကို လိုချင်နေပါတယ်။ မာလကာရေလက်ကြားနဲ့ တောင်တရုတ်ပင်လယ်အပြင်၊ ထိုင်ဝမ်ကို သိမ်းပိုက်ပြီး ပထမကျွန်းတန်း (First Island Chain) ကိုပါ ရလိုက်မယ်ဆိုရင် ဒီဒေသမှာ သူကြီးစိုးနိုင်သွားပါလိမ့်မယ်။ ဒါဆို အမေရိကန်ကို ယှဉ်ပြိုင်နိုင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံက ဒီရေကြောင်းရည်မှန်းချက်တွေအတွက် အဓိကကျပါတယ်။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံနဲ့ ခေတ်သစ်ပိုးလမ်းမစီမံကိန်း (BRI) တွေက ကမ္ဘာကို လွှမ်းမိုးမယ့် CCP ရဲ့ မဟာဗျူဟာမှာ အရေးပါတဲ့ အချက်တွေ ဖြစ်ပါတယ်။

ဒီအကြောင်းပြချက်တွေကြောင့်ပဲ အခုလုပ်နေတဲ့ စစ်အုပ်စုရဲ့ ဟန်ပြရွေးကောက်ပွဲ နောက်ကွယ်က ကြိုးကိုင်သူဟာ တရုတ်ဖြစ်နေတာပါ။ ဒီဇင်ဘာ ၂၈ မှာ  စစ်တပ်က ပထမအကျော့ မဲပေးပွဲ လုပ်ခဲ့ပြီး ဇန်နဝါရီ ၁၁ မှာ ဒုတိယအကျော့ ဆက်လုပ်ပါတယ်။ ဒါပေမဲ့ဒီရွေးကောက်ပွဲဟာ ဟန်ပြသက်သက်ပါပဲ။ တရားမဝင်တဲ့ ရာဇဝတ်ကောင် အစိုးရကို တရားဝင်တယ်လို့ ထင်ရအောင် လုပ်ကြံဖန်တီးထားတာပါ။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရကို ဖြုတ်ချခဲ့ကတည်းက လူပေါင်း ၃၀,၀၀၀ ကျော် အဖမ်းခံခဲ့ရပါတယ်။ နိုင်ငံရေး အကျဉ်းသား ၂၂,၀၀၀ ကျော် ထောင်ထဲမှာ ရှိနေဆဲပါ။ အဲဒီအထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဝင်တွေ၊ တက်ကြွလှုပ်ရှားသူတွေ ပါဝင်ပါတယ်။ NLD အပါအဝင် ပါတီ ၄၀ ကျော် ဖျက်သိမ်းခံခဲ့ရပြီး ရွေးကောက်ပွဲမှာ မပါဝင်နိုင်တော့ပါဘူး။

ရွေးကောက်ပွဲကို ဝေဖန်သူတိုင်း ထောင်ဒဏ် အနှစ် ၂၀ ဒါမှမဟုတ် သေဒဏ်အထိ ကျခံရနိုင်တဲ့ ဥပဒေအသစ်တွေ ထုတ်ထားပါတယ်။ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ မီဒီယာတွေလည်း အကြီးအကျယ် ဖိနှိပ်ခံနေရပါတယ်။ သတင်းသမားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေဟာ ပုန်းအောင်းနေရတာ၊ ပြည်ပရောက်နေရတာတွေ ဖြစ်နေပါတယ်။ တရားဥပဒေစိုးမိုးရေးနဲ့ လွတ်လပ်တဲ့ တရားစီရင်ရေးဆိုတာ မရှိတော့ပါဘူး။

ဒါ့အပြင် ပြည်သူအများစုက မဲပေးပိုင်ခွင့် ဆုံးရှုံးနေကြပါတယ်။ စစ်အုပ်စုထိန်းချုပ်နယ်မြေတွေမှာပဲ ရွေးကောက်ပွဲ လုပ်နိုင်ပြီး၊ အဲဒီမှာတောင် ပထမအကျော့ မဲလာပေးသူ ၅၀ ရာခိုင်နှုန်းကျော်ကျော်ပဲ ရှိပါတယ်။ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နေရာတွေ၊ ရခိုင်ပြည်နယ် တခုလုံးနီးပါးမှာ ရွေးကောက်ပွဲ မလုပ်နိုင်ပါဘူး။ ၁၉၈၂ ကတည်းက နိုင်ငံသားဖြစ်ခွင့် ဆုံးရှုံးခဲ့ရပြီး ဂျီနိုဆိုက်ကျူးလွန်ခံခဲ့ရတဲ့ ရိုဟင်ဂျာတွေဆိုရင် ရွေးကောက်ပွဲကနေ လုံးဝဖယ်ထုတ်ခံထားရပါတယ်။

အဆိုးဆုံးကတော့ စစ်အုပ်စုက ပြည်သူတွေကို လေကြောင်းကနေ နေ့စဉ် ဗုံးကြဲနေချိန်မှာ ဒီအတုအယောင် ရွေးကောက်ပွဲကို လုပ်နေတာပါ။ ဒီဇင်ဘာ ၁၀၊ နိုင်ငံတကာ လူ့အခွင့်အရေးနေ့တုန်းကဆိုရင် ဆေးရုံတရုံကို ဗုံးကြဲလို့ လူ ၃၀ ကျော် သေဆုံးခဲ့ပါတယ်။ မြန်မာပြည်မှာ ဒီလို ရက်စက်မှုမျိုးတွေ နေ့တိုင်းလိုလို ဖြစ်နေတာပါ။ တရုတ်နဲ့ ရုရှားက စစ်ကောင်စီကို လက်နက်တွေ၊ တိုက်လေယာဉ်တွေ၊ ဒရုန်းတွေ၊ ငွေကြေးနဲ့ လောင်စာဆီတွေ ပံ့ပိုးပေးနေလို့ စစ်တပ်က ပြည်သူကို ဆက်ပြီး သတ်ဖြတ်နေနိုင်တာ ဖြစ်ပါတယ်။

နိုင်ငံတကာပဋိပက္ခလေ့လာရေးအဖွဲ့ (ICG) ရဲ့ အစီရင်ခံစာအရ တရုတ်ဟာ ဒီဟန်ပြရွေးကောက်ပွဲရဲ့ ဗိသုကာ ဖြစ်ပါတယ်။ စစ်ကောင်စီ မပြိုလဲအောင် ကာကွယ်ပေးတဲ့အနေနဲ့ ဒီရွေးကောက်ပွဲကို အပေးအယူသဘော လုပ်ခိုင်းတာပါ။ ဒီရွေးကောက်ပွဲမှာ စစ်တပ် ကျောထောက်နောက်ခံ ပါတီတွေက ဦးဆောင်နေတယ်လို့ စစ်ကောင်စီက ကြေညာထားပြီးပါပြီ။ မဲလိမ်မဲခိုး လုပ်ထားမှတော့ ဒါက မဆန်းပါဘူး။

၂၀၂၁ အာဏာသိမ်းစမှာ တရုတ်က မနှစ်သက်ခဲ့ပေမဲ့ ပြီးခဲ့တဲ့ တနှစ်အတွင်းမှာတော့ စစ်ကောင်စီကို ကျားကန်ပေးလာပါတယ်။ စစ်ကောင်စီ ပြိုလဲသွားမှာကို စိုးရိမ်လို့ တရုတ်နယ်စပ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို အပစ်ရပ်ဖို့ ဖိအားပေးခဲ့ပါတယ်။ သတ္တုတူးဖော်ရေးလို တရုတ်စီးပွားရေးရှိတဲ့ နေရာတွေမှာ သိမ်းထားတဲ့ နယ်မြေတွေကို ပြန်ပေးဖို့အထိတောင် ဖိအားပေးခဲ့တာပါ။ အနောက်လိုလားတဲ့ ဒီမိုကရေစီစနစ်ထက် သူတို့ ထိန်းချုပ်လို့ရ၊ သူတို့ အကျိုးစီးပွားကို ကာကွယ်ပေးမဲ့ အာဏာရှင်စနစ်ကို ပေကျင်းက ပိုလိုလားတယ်ဆိုတာ CCP အကြောင်း သိသူတိုင်း အထူးအဆန်း မဟုတ်ပါဘူး။

ဒါပေမဲ့ တချိန်တည်းမှာပဲ ပေကျင်းက တရားဝင်မှုပုံစံလေးတော့ ရှိစေချင်ပါတယ်။ နေပြည်တော်က သူတို့ရဲ့ ရုပ်သေးအစိုးရကို ပုံမှန်အခြေအနေ ပြန်ရောက်စေချင်ပါတယ်။ ဒါမှ စစ်ဗိုလ်ချုပ်တွေရော CCP အတွက်ပါ သံတမန်ရေး အကာအကွယ် ရမှာပါ။ ICG ပြောသလိုပဲ တရုတ်က အရပ်သားအစိုးရ ပုံစံမျိုးနဲ့ ဆက်ဆံချင်နေတာပါ။ ပြီးတော့ အခုလက်ရှိ မင်းအောင်လှိုင်ထက် ပိုပြီး ယုံကြည်ရမဲ့ သူမျိုးကို လိုချင်နေပါတယ်။ မင်းအောင်လှိုင်က အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ရဲ့ ဖမ်းဝရမ်း ထုတ်ပေးဖို့ တောင်းခံတာ ခံနေရသူဖြစ်ပါတယ်။ တိုင်းပြည်ကို အမှောင်ခေတ်ထဲ တွန်းပို့ခဲ့တဲ့ အာဏာသိမ်းခေါင်းဆောင်ကို အရည်အချင်းမရှိသူလို့ တရုတ်က မြင်ပါတယ်။

မြန်မာနိုင်ငံအပေါ် တရုတ်ရဲ့ လွှမ်းမိုးမှုဟာ ဒေသတွင်းနဲ့ ကမ္ဘာကြီးအတွက်ပါ ဆိုးရွားတဲ့ အန္တရာယ်ပါ။ မြေရှားသတ္တု တူးဖော်မှုတွေကြောင့် မြန်မာ့မြစ်ချောင်းတွေတင်မက ထိုင်းနိုင်ငံဘက်အထိပါ အဆိပ်သင့် ညစ်ညမ်းစေပါတယ်။ ကျားဖြန့်ဂိုဏ်းတွေ၊ မူးယစ်ဆေးနဲ့ လူကုန်ကူးမှုတွေမှာ တရုတ်ရာဇဝတ်ဂိုဏ်းတွေ ပါဝင်နေတာက လုံခြုံရေးကို ခြိမ်းခြောက်နေပါတယ်။ လက်နက်နဲ့ လေယာဉ်ဆီ ပေးပြီး ဟန်ပြရွေးကောက်ပွဲကို အားပေးနေတာက စစ်ရာဇဝတ်မှုတွေမှာ ကြံရာပါ ဖြစ်နေတာပါ။ ဘင်္ဂလားပင်လယ်အော်ကို လိုချင်နေတာကလည်း နိုင်ငံရေးအရ ခြိမ်းခြောက်မှုကြီး တခုပါပဲ။

အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂ၊ ကနေဒါ၊ ဩစတြေးလျ၊ ဂျပန်နဲ့ အာဆီယံတို့အနေနဲ့ ဒီအန္တရာယ်ကို အမြန်ဆုံး သတိပြုဖို့ လိုပါတယ်။ ဒီအတုအယောင် ရွေးကောက်ပွဲကို ငြင်းပယ်ပြီး ဒီမိုကရေစီ အင်အားစုတွေကို ပိုပြီး ထောက်ပံ့ပေးသင့်ပါတယ်။ တရုတ်ရဲ့ လွှမ်းမိုးမှုကို တန်ပြန်ပြီး စစ်ကောင်စီရဲ့ ရာဇဝတ်မှုတွေကို ကူညီနေတဲ့ ပေကျင်းကိုလည်း တာဝန်ခံခိုင်းရပါမယ်။

နိုင်ငံတကာအသိုက်အဝန်းက မြန်မာ့ဟန်ပြရွေးကောက်ပွဲကို တုံ့ပြန်ဖို့ ပြင်ဆင်နေချိန်မှာ အရေးကြီးဆုံးအချက်ကို မေ့မထားသင့်ပါဘူး။ အဲဒါကတော့ ဒေသတွင်းမှာ တရုတ်ရဲ့ မကောင်းတဲ့ ဩဇာလွှမ်းမိုးမှု ကြီးမားနေတယ်ဆိုတဲ့ အချက်ပါပဲ။

ဘန်နီဒစ်ရော်ဂျာ

Ref: Nikkei Asia

(ဂျပန်သတင်းဌာန Nikkei Asia ဝက်ဆိုက်တွင် လူ့အခွင့်ရေးလှုပ်ရှားသူ ဝါရင့်ဂျာနယ်လစ်  Benedict Rogers ရေးသားထားသည့် “China's malign influence in Myanmar's sham elections” သတင်းဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြသည်။)

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013