
ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ဖိုးစံကျေးရွာအုပ်စုမှာ ရွေးကောက်ပွဲအသုံးစရိတ်အတွက်လို့ဆိုကာ တအိမ်ကျပ် ၅၀၀၀ အထိ ကောက်ယူခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖိုးစံကျေးရွာအုပ်စုမှာ စစ်ကောင်စီခန့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဝင်းဇော်က စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ အသုံးစရိတ်လို့ ခေါင်းစဉ်တပ်ကာ ၂၀၂၆ နှစ် ဇန်နဝါရီ ၁၀ ရက်နဲ့ ၁၁ ရက်တွေမှာ တအိမ်ကျပ် ၅၀၀၀ နှုန်းအထိ ကောက်ယူခဲ့တာလို့ ဆိုပါတယ်။
ဖိုးစံကျေးရွာနေသူတယောက်က “ရွေးကောက်ပွဲအသုံးစရိတ်ဆိုပြီးကောက်တာ။ အိမ်တိုင်း မဖြစ်မနေ ထည့်ခိုင်းတာ။ မထည့်ရင် မထည့်တဲ့ အိမ်က မိမိ တာဝန်ပဲဆိုပြီး ကောက်နေတာ။ အကြောင်းအမျိုးမျိုးနဲ့ ကြောက်ရတော့ ထည့်ကြရတာပဲ” လို့ ပြောပါတယ်။
အဲဒီဒေသတွေက ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေအနေနဲ့ ရွေးကောက်ပွဲအသုံးစရိတ် ငွေကောက်ယူခဲ့တဲ့အပြင် ကြံ့ခိုင်ရေးပါတီကိုပဲ မဲထည့်ကြဖို့ ပေါ်ပေါ်တင်တင်ပြောဆိုကာ ဖိအားပေးမဲထည့်ခိုင်းခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကျိုက်လတ်မြို့နယ်နေ ရပ်မိရပ်ဖတယောက်က “စစ်မှုထမ်းအတွက် မပြတ် ငွေကောက်တာအပြင် ရွေးကောက်ပွဲစရိတ်ဆိုပြီး ခေါင်စဉ်တပ်ကောက်ယူခဲ့တာ။ အထက်မှာရှိတဲ့ ဘယ်အဖွဲ့အစည်းကမှ အရေးယူတာမရှိတော့ အောက်ခြေအုပ်ချုပ်ရေးမှူးတွေက လုပ်ချင်တဲ့အတိုင်း လုပ်နေတာ” လို့ ပြောတယ်။
ဖိုးစံကျေးရွာအုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က ရွေး ကောက်ပွဲအသုံးစရိတ် ကောက်ယူတာကို ထည့်တဲ့သူများတယ်လို့ သိရပြီး စစဉ် စစ်မှုထမ်းထောက်ပံ့ငွေလည်း ကောက်ယူနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကျိုက်လတ်မြို့နယ်ဟာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ အပိုင်း ၂ မှာပါဝင်တာဖြစ်ပြီး ဆန္ဒမဲပေးသူ နည်းပါးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။


