
ဧရာဝတီတိုင်းထဲက ကျေးရွာအုပ်စုပေါင်း ၂၃ အုပ်စုမှာ စစ်ကောင်စီက ရွေးကောက်ပွဲ မလုပ်နိုင်တော့ဘူးလို့ တိုင်းရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
စစ်ကောင်စီက လာမဲ့ ဇန်နဝါရီ ၂၅ ရက်မှာ ကျင်းပဖို့ လုပ်နေတဲ့ အပိုင်း ၃ ရွေးကောက်ပွဲမှာ ပါတဲ့ ဧရာဝတီတိုင်းထဲက ပြီးခဲ့နှစ်က တိုက်ပွဲဖြစ်ပွားခဲ့ဖူးတဲ့ ရေကြည်မြို့နယ်က ကျေးရွာအုပ်စု ၄ အုပ်စုနဲ့ လေးမျက်နှာမြို့နယ်က ကျေးရွာအုပ်စု ၁၉ အုပ်စုမှာ ရွေးကောက်ပွဲ မလုပ်နိုင်တော့တာလို့ သိရပါတယ်။
ဧရာဝတီတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနဲ့ နီးစပ်သူက “ဧရာဝတီတိုင်းထဲက ရွေးကောက်ပွဲ မလုပ်နိုင်တဲ့ ဒေသတွေက အပိုင်း ၃ ထဲမှာပါတဲ့ ဒေသတွေပါ။ ရွေးကောက်ပွဲလုပ်ဖို့ လုံခြုံရေးနဲ့ တခြားအခက်အခဲတွေကြောင့် အခြေအနေ မပေးတာကြောင့် မလုပ်တာ” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းထဲက ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ ကျေးရွာအုပ်စု ၂၃ အုပ်စုဟာ ရေကြည်မြို့နယ်က ကက္ကူကြီး၊ သက္ကယ်ပြင်၊ ရွာသစ်ကြီး၊ ပန်းပုကွင်းနဲ့ လေးမျက်နှာမြို့နယ်က ဒေါ့င်ကြီး၊ မယ်ဇလီ၊ ယင်းဆယ်၊ ခြောက်ဆယ်၊ သောင်ဘုတ်၊ ကြီးပေါက်ကုန်း၊ ပန်းတောကြီး၊ ကွမ်းခြံကုန်း၊ ဘဲ့ပြားကုန်း၊ ဝါးတောကွင်း၊ ချင်းကုန်း၊ သဲနုကုန်း၊ မိုးကုတ်၊ လှည်းထောက်ကွင်း၊ လှော်ကထား၊ ကွင်းကြီး၊ ဝတ်ကုန်း၊ ကညင်တိုင်းချင်းလယ် စတဲ့ကျေးရွာအုပ်စုတွေဖြစ်တယ်လို့ သိရပါတယ်။
ရေကြည်မြို့နယ်ဒေသခံ တက်ကြွလှုပ်ရှားသူတယောက်က “ရွေးကောက်ပွဲ မလုပ်နိုင်တဲ့ ဒေသတွေက လုံးဝ မငြိမ်းချမ်းတဲ့ ဒေသတွေပါ။ စစ်ကော်မရှင်က လုံးဝလုပ်မရလို့ မလုပ်တာ။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ လုပ်မရတာ မဟုတ်ဘူး။ စစ်ကော်မရှင်က လုပ်တဲ့ ရွေးကောက်ပွဲဟာ တရားမျှတမှုကို မရှိပါဘူး” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းမှာ ရွေးကောက်ပွဲမပြုလုပ်နိုင်တဲ့ ကျေးရွာအုပ်စု ၂၃ အုပ်စုမှာ ကျေးရွာခွဲ ၁၀၀ ကျော်အထိ ပါဝင်ပြီး အဲဒီကျေးရွာတွေကို တော်လှန်ရေး ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားတာ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဧရာဝတီတိုင်းမှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအပိုင်း ၁ မှာပါတဲ့ ပုသိမ်မြို့နယ်ထဲက ဘောမိကျေးရွာအုပ်စုနဲ့ မကျီးဇင်ကျေးရွာအုပ်စု၊ အပိုင်း ၂ မှာပါတဲ့ သာပေါင်းမြို့နယ်ထဲက ကျွန်းလျှားကြီးကျေးရွာအုပ်စုနဲ့ သစ်ဖြူကျးရွာအုပ်စုတို့မှာ ရွေးကောက်ပွဲ မလုပ်နိုင်ခဲ့ဘူးလို့ သိရပါတယ်။
စစ်ကောင်စီက ရွေးကောက်ပွဲကို အပိုင်း ၃ ပိုင်းခွဲ ပြုလုပ်နေတာဖြစ်ပြီး အပိုင်း ၁ ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်၊ အပိုင်း ၂ ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်နဲ့ အပိုင်း ၃ ကို လာမဲ့ ဇန်နဝါရီ ၂၅ ရက်မှာ လုပ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားသလို ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကလည်း လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။
မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ကတော့ ဒီရွေးကောက်ပွဲကနေ အနိုင်ရထွက်ပေါ်လာမဲ့ ဘယ်အဖွဲ့အစည်းကိုမှ အဆောတလျင် အသိအမှတ်ပြုတာတွေ လုပ်မှာ မဟုတ်ဘူးလို့ ပြောကြားထားပါတယ်။


