Home
နိုင်ငံတကာ
ယူဂန်ဒါရွေးကောက်ပွဲ မတိုင်မီ အင်တာနက်နှင့် မိုဘိုင်းလ်ဝန်ဆောင်မှု ကန့်သတ်
DVB
·
January 14, 2026
Photo: Reuters

ယူဂန်ဒါနိုင်ငံကို နှစ်ပေါင်း ၄၀ အာဏာယူ အုပ်ချုပ်လာတဲ့ သမ္မတ ယိုဝယ်ရီ မူဆယ်ဗယ်နီဟာ အငြင်းပွားစရာ သတ္တမမြောက် သက်တမ်းအတွက် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တဲ့ ရွေးကောက်ပွဲမတိုင်ခင် ၂ ရက်အလို ဇန်နဝါရီ ၁၃ ရက်မှာ ယူဂန်ဒါအာဏာပိုင်တွေဟာ နိုင်ငံတဝန်းရှိ အင်တာနက် အသုံးပြုခွင့်နဲ့ မိုဘိုင်းဝန်ဆောင်မှုတွေကို ကန့်သတ်ခဲ့ပါတယ်။

ရိုက်တာသတင်းဌာနက မြင်တွေ့ခဲ့ရတဲ့ စာတစောင်အရ ယူဂန်ဒါ ဆက်သွယ်ရေးကော်မရှင်ဟာ အင်္ဂါနေ့ ညနေ ၆ နာရီကစပြီး အများပြည်သူသုံး အင်တာနက်ချိတ်ဆက်မှုတွေကို ရပ်ဆိုင်းဖို့ မိုဘိုင်းဝန်ဆောင်မှုပေးသူတွေကို အမိန့်ပေးခဲ့ပြီး ဒါဟာ “သတင်းအချက်အလက်အမှားတွေ၊ သတင်းအမှားတွေ၊ ရွေးကောက်ပွဲလိမ်လည်မှုတွေနဲ့ ဆက်စပ်အန္တရာယ်တွေကို ထိန်းချုပ်ဖို့” ဖြစ်တယ်လို့ ဆိုပါတယ်။

ယူဂန်ဒါ ဆက်သွယ်ရေးကော်မရှင်ရဲ့ အမှုဆောင်ဒါရိုက်တာ ဂျော့ခ်ျ ဝီလျံ ညိုမ်ဘီ သမ်ဘိုက  စာထဲမှာ “အေဂျင်စီပေါင်းစုံ လုံခြုံရေးကော်မတီရဲ့ ခိုင်မာတဲ့ အကြံပြုချက်အရ၊ ယူဂန်ဒါ ဆက်သွယ်ရေးကော်မရှင် လိုင်စင်ရ မိုဘိုင်းကွန်ရက် အော်ပရေတာတွေနဲ့ အင်တာနက်ဝန်ဆောင်မှု ပေးသူ အားလုံးကို အများပြည်သူသုံး အင်တာနက် အသုံးပြုခွင့်၊ ဆင်းမ်ကတ်အသစ်တွေ ရောင်းချတာနဲ့ မှတ်ပုံတင်တာ၊ ကွန်ရက်ဧရိယာတခုကို ဒေတာ roaming ဝန်ဆောင်မှုတွေ ထွက်ခွာတာတွေကို ယာယီရပ်ဆိုင်းဖို့ ညွှန်ကြားခဲ့ပါတယ်” လို့ ပြောပါတယ်။

ပိတ်ဆို့ထားတဲ့ အများပြည်သူသုံး အင်တာနက်မှာ လူမှုမီဒီယာပလက်ဖောင်းတွေ၊ ဝက်ဘ်ကြည့်ရှုတာ၊ ဗီဒီယို streaming၊ ကိုယ်ရေးကိုယ်တာ အီးမေးလ်ဝန်ဆောင်မှုတွေနဲ့ မက်ဆေ့ချ်ပို့တာတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

အင်တာနက် ကန့်သတ်ချက်ကို ညွှန်ကြားတာဟာ တရားဝင်ရည်ရွယ်ချက်နဲ့ ကိုက်ညီပြီးတော့ အမျိုးသားလုံခြုံရေး၊ အများပြည်သူ ဘေးကင်းရေးနဲ့ အများပြည်သူ ငြိမ်ဝပ်ပိပြားရေးတို့ကို ကာကွယ်ခြင်းဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

ရွေးကောက်ပွဲမတိုင်ခင် ကာလအတွင်းမှာ လုံခြုံရေးတပ်ဖွဲ့တွေဟာ အတိုက်အခံထောက်ခံသူ ရာပေါင်းများစွာကို ဖမ်းဆီးခဲ့ပြီး မူဆယ်ဗယ်နီရဲ့ အဓိကပြိုင်ဘက်ဖြစ်တဲ့ ပေါ့ပ်စတား ​​ဘော်ဘီဝိုင်းန်ကို ထောက်ခံပံ့ပိုးတဲ့ မဲဆွယ်စည်းရုံးရေးပွဲတွေမှာ ကျည်ဆန်အစစ်တွေနဲ့ မျက်ရည်ယိုဗုံးတွေကို အကြိမ်ကြိမ် ပစ်ခတ်ခဲ့ပါတယ်။

အသက် ၈၁ နှစ်အရွယ် မူဆယ်ဗယ်နီဟာ ၅ နှစ်တာ ပုန်ကန်မှုကို ဦးဆောင်ပြီးနောက် ၁၉၈၆ ခုနှစ်မှာ အာဏာရလာခဲ့ပြီး အာဖရိကရဲ့ တတိယမြောက် အရှည်ကြာဆုံး အုပ်ချုပ်သူ ဖြစ်လာပါတယ်။

သူဟာ အသက်နဲ့ ရာထူးသက်တမ်း ကန့်သတ်ချက်တွေကို ဖယ်ရှားဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂ ကြိမ် ပြင်ဆင်ခဲ့ပြီး ယူဂန်ဒါ အဖွဲ့အစည်းတွေအပေါ် သူ့ရဲ့ဩဇာလွှမ်းမိုးမှုကြောင့် လူဦးရေ ၄၆ သန်းရှိတဲ့ အရှေ့အာဖရိကနိုင်ငံမှာ ရွေးကောက်ပွဲမှာ ရှုံးနိမ့်မှုဖြစ်နိုင်ခြေ အလွန်နည်းပါးကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောပါတယ်။

ယူဂန်ဒါအစိုးရဟာ ဇန်နဝါရီ ၁၅ ရက် ရွေးကောက်ပွဲအတွင်း အင်တာနက်ကို ပိတ်ပစ်ဖို့ စီစဉ်ထားတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ဒီဇင်ဘာ ၂၂ ရက်မှာ ပယ်ချခဲ့ပြီး အဲဒီသတင်းတွေဟာ “မှားယွင်းပြီး အထင်မှားအောင် လုပ်ထားတာ” ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013