
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ သံတွဲမြို့က ရေလုပ်သားပိုင် စက်လှေ ၄ စီးကို စစ်ကောင်စီရေတပ်က သိမ်းဆည်းသွားပြီးနောက် လေယာဉ်ကွင်း ပတ်ဝန်းကျင်ကိုပါ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။
"မနက်ပိုင်းဆို နှင်းတွေက တအားကျနေတယ်။ မမြင်ရဘူး လှိုင်းသံလည်းဆူ၊ သူတို့ Navy က အသံကို အကျယ်ကြီးမကြားရ၊ အနားမရောက်ခင် စက်လှေတွေထားပြီး နောက်စက်လှေတစီးနဲ့ ထွက်ပြေးလာကြတယ်။”
စက်လှေအများနဲ့ မောင်းပြေးရင် သေနတ်နဲ့ လိုက်ပစ်မှာကိုကြောက်လို့ စက်လှေ ၂ စီးနဲ့ အကုန်ထွက်ပြေးလာကြပြီး ကျန်တဲ့ စက်လှေ ၄ စီး နဲ့ ပိုက်တွေပါ အကုန်ထားခဲ့တယ်လို့ ပြောပါတယ်။
အဆိုပါ ရေလုပ်သားတွေ ထွက်ပြေးလာစဉ် ရေတပ်က သူတို့ကျန်ခဲ့တဲ့ စက်လှေ၊ ပိုက်တို့ကို သိမ်းယူနေတာ တွေ့ခဲ့ရသေးတယ်လို့ နီးစပ်သူက ပြောပါတယ်။
ဇန်နဝါရီ ၁၈ ရက် တရက်တည်းမှာ စစ်ကောင်စီရေတပ်က သံတွဲမြို့ လေယာဉ်ကွင်း ပတ်ဝန်းကျင်ကို လက်နက်ကြီးနဲ့ ၄ ကြိမ် ပစ်ခတ်ခဲ့တယ်လို့လည်း ဒေသခံက ပြောပါတယ်။
"လေယာဉ်ကွင်း ပတ်ဝန်းကျင်ကိုကျတယ်။ လူတွေတော့ ထိခိုက်ဒဏ်ရာရတာ မကြားသေးဘူး။”
စစ်တပ်က သံတွဲ၊ ဂွ၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ မြေပုံ၊ ပေါက်တော၊ စစ်တွေမြို့နယ်တို့မှာ နေ့ရော ညပါ ငါးရှာထွက်တဲ့ ဒေသခံ ရေလုပ်သားတွေရဲ့ လှေတွေကို ဖမ်းဆီးတာ၊ သေနတ်နဲ့ လှမ်းပစ်တာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ကမ်းနီးကျေးရွာတချို့ကို ဒရုန်းနဲ့ ကင်းထောက်လှမ်းတာ၊ လက်နက်ကြီနဲ့ လှမ်းပစ်တာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
ပင်လယ်ပြင်အမှီပြုပြီး ရေလုပ်ငန်းကို အဓိကထားလုပ်ကိုင်စားသောက်နေရတဲ့ ဒေသခံတွေအတွက် စစ်တပ်ရဲ့ ဖမ်းဆီတာ၊ သေနတ်နဲ့ ပစ်တာတွေကြောင့် ငါးရှာလုပ်ငန်းလုပ်ကိုင်သူတွေ လုပ်ငန်း ရပ်ဆိုင်းနေရပါတယ်။
ဒါ့အပြင် မိသားစု စားဝတ်နေရေးအတွက် ငါးရှာဖွေသူတချို့ကိုလည်း ဖမ်းဆီးထားသလို၊ ငါးဖမ်းလှေတွေကိုလည်း သိမ်းဆည်းထားတယ်လို့ သိရပါတယ်။


