
ကျောက်ဖြူမြို့မှာ ဇန်နဝါရီ ၁၉ ရက်က သိုင်းချောင်း ပတ်ဝန်းကျင်ကို ထိုးစစ်ဆင်လာတဲ့ စစ်အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းနဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်က ၁၀ ယောက်ထက်မနည်း သေဆုံးကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
“မနေ့က နေ့လယ်ကတည်းက ပြင်းနေတယ်၊ ညနေဘက်တော့ စစ်တပ်ဘက်က နောက်ဆုတ်တယ်၊ AA ကတော့ လက်နက်ခဲယမ်း သိမ်းဆည်းရလိုက်တယ်။”
စစ်ကောင်စီက ရေတပ်၊ ဒရုန်း၊ အထိုင်စခန်းမှ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဇန်နဝါရီ ၁၉ ရက်တရက်တည်း စစ်ကောင်စီဘက်က သေဆုံးမူများတဲ့အတွက် ကျောက်ခလေကျေးရွာကို မွန်းတည့် ၁၂ နာရီကျော်လောက်မှာ ဒရုန် ၂ စီးနဲ့ လာရောက်ဗုံးကြဲတာကြောင့် နေအိမ် ၂ လုံး မီးလောင်ခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“ဒရုန်းလာပြီး ဗုံးကြဲတယ်၊ နေအိမ်တွေကတော့ အကုန် မီးလောင်ပြာကျသွားပါတယ်။”
ဇန်နဝါရီ ၁၈ ရက် မနက်ကလည်း ကျောက်ခလေကျေးရွာကို စစ်ကောင်စီလေကြောင်းက ဗုံးကြဲတာကြောင့် စစ်ရှောင် အမျိုး သမီး ၃ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ ဇန်နဝါရီ ၁၈ ရက်ကလည်း သံတွင်မြို့နယ် ဂျိတ္တောကျေးရွာသားတွေ ငါးရှာနေစဉ် စစ်တပ်က လှေလုပ်သားတွေနဲ့နဲ့ စက်လှေ၊ ပိုက်တို့ကို ဖမ်းဆီးခဲ့ပြီး အမျိုးသားတယောက် ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။


