
စစ်ကောင်စီတပ်က မိုးကုတ်မြို့ထဲတပ်အင်အားတွေဖြည့်နေသလို ဌာနဆိုင်ရာ Non-CDM ဝန်ထမ်း တွေလည်း ပထမအသုတ်ဝင်ရောက်လာတာကြောင့် တိုက်ပွဲတွေပြန်ဖြစ်မှာနဲ့ ဖမ်းဆီးမှုတွေ ရှိလာမှာကို မြို့ခံတွေကစိုးရိမ်နေကြပါတယ်။
TNLA က ပြီးခဲ့နှစ် နိုဝင်ဘာလမှာ မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကို စစ်ကောင်စီတပ်ထံ ပြန်ပေးပြီး လပိုင်းအကြာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအထိ တိုက်ပွဲတွေ၊ ဗုံးချမှုတွေနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ ဆက်တိုက်ဆိုသလိုရှိခဲ့ပါတယ်။
ဇန်နဝါရီ ၁၆ ရက် ညပိုင်းမှာ မိုးကုတ်မြို့ထဲကို စစ်ကောင်စီဘက်က ကား ၁၀ စီးကျော် ဝင် ရောက်လာပြီး ဇန်နဝါရီ ၁၉ ရက်မှာတော့ ဌာနဆိုင်ရာ Non-CDM ဝန်ထမ်းတွေပါ ရောက်ရှိလာပြီလို့ မိုးကုတ်မြို့ခံတွေက ပြောပါတယ်။
တော်လှန်ရေးတပ်နဲ့နီးစပ်တဲ့ မြို့ခံအမျိုးသားတယောက်က “ သောကြာညက ၁၄ စီးဝင်လာတာဗျ။ ညမှောင်တော့ သေချာမတွေ့လိုက်ရပေမဲ့ စစ်ကားကြီးပဲလို့ထင်တယ်။ နောင်ချိုဘက်ရှမ်းလမ်းကနေ တက်လာတာ။ ချောင်းကြီး ရှမ်းကုန်းစံဘက်ကိုလည်း လက်နက်ကြီးပစ်တယ်။ အရှေ့ပိုင်းဆို ကျနော်နေတဲ့နေရာကနေ လက်နက်ကြီးသံ၊ ရှော့ဒုံးသံတွေ၊ ဗုံးချတာတွေကကြားနေရတာပဲ။ ၁၈ ရက်ညပိုင်းကလည်း မိုးမိတ်ဘက် တိုက်ပွဲဖြစ်တယ်”လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ရက်တွေထဲ မိုးကုတ်ရဲစခန်းနဲ့ ဗျူဟာကုန်းဘက်ကနေ လက်နက်ကြီးသံတွေကို ကြားခဲ့ရပေမဲ့ တိုက်ပွဲဖြစ်တဲ့အသံတော့မကြားရဘူးလို့ မြို့ခံက ဆက်ပြောပါတယ်။
မိုးကုတ်မြို့ထဲကိုလည်း ငွေကြေးချမ်းသာသူတချို့ကလွဲလို့ စစ်ရှောင်အတော်များများပြန်ဝင် နေတာရှိပြီး တချို့ကုန်ပစ္စည်းတွေလည်းဈေးပြန်ကျနေပြီလို့မြို့ခံတွေက ပြောကြပါတယ်။
ဒါပေမဲ့ ဇန်နဝါရီ ၁၉ ရက်မှာ မိုးကုတ်မြို့ထဲ ဌာနဆိုင်ရာဝန်ထမ်းတွေပြန်ဝင်လာပြီဖြစ်တဲ့အတွက် ဖမ်းဆီးမှုတွေပြုလုပ်လာမှာကိုလည်း စိုးရိမ်နေကြကြောင်း ပြောပါတယ်။
မိုးကုတ်မြို့ခံတယောက်က “သတင်းအရတော့သေချာတယ်။ ဒီနေ့ဝင်တာ ပထမ အသုတ်ဝင်တာ။ သိထားသလောက်က ပထမအသုတ်က ထွေအုပ်လာမှာ၊ ရဲလာမှာပဲ။ အုပ်ချုပ်ရေးယန္တရားနဲ့ သက်ဆိုင်တာအရင်ဆုံးလာမယ်လို့တော့ သိထားတယ်ပေါ့နော်။ ပြီးမှ ပညာရေး၊ ကျန်းမာရေးနောက်က လိုက်မယ်လို့ ကျနော်ကြားတယ်။ တော်လှန်ရေးအင်အားစုတွေကလည်း အဲလို မကြာမကြာပျောက်ကျားစနစ်နဲ့ လုပ်နေတာမျိုးတွေရှိတယ်။ မလွတ်မကင်းတာတွေအတင်းဖ ဖမ်းဆီးတာမျိုးတွေဘာတွေ ဆက်လုပ်လာမလဲဆိုတာတော့ အများကြီးစိုးရိမ်နေရတယ်။ ရှင်းရှင်းပြောရင်စိုးရိမ်စိတ်တွေပါပဲ။ အဓိက ၂ ချက်ကတိုက်ပွဲပြန်ဖြစ်မလား ဒါမှမဟုတ် ဖမ်းတာမျိုး၊ ဆီးတာမျိုးတွေများအတင်းအဓမ္မလုပ်မလားပေါ့နော် အဲတာတွေလည်းစိုးရိမ်တယ်”လို့ ပြောပါတယ်။
ဒီကိစ္စတွေနဲ့ပတ်သက်လို့ တော်လှန်ရေးတပ်ဖွဲ့တချို့ကို DVB က ဆက်သွယ်ပေမဲ့ ပြန်ဖြေကြား တာမရှိသေးသလို ဘယ်ဌာနတွေက Non-CDM ဝန်ထမ်းတွေရောက်ရှိနေ တယ်ဆိုတာကိုလည်း DVB အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ မိုးကုတ်၊ မိုးမိတ်နဲ့ပတ်သက်တဲ့အခြေအနေကို ဒီဇင်ဘာ ၂၄ ရက်မှာ နောက်ဆုံးထုတ်ပြန်ထားပြီး မိုးကုတ်မြို့နယ်ထဲက ကျေးရွာ တရွာနဲ့ စိုးမိုးကုန်း တခုကို ပြန်ရတယ်ဆိုတာကလွဲလို့ ထပ်ပြီးအသိပေးတာမရှိသေးပါဘူး။
တဖက်မှာလည်း စစ်တပ်က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလမှာ စဉ့်ကူးမြို့ကိုပြန်လည် ထိန်းချုပ်နိုင်ခဲ့တဲ့နောက် ဇန်နဝါရီလမှာတော့ မန္တလေး–သပိတ်ကျင်း–ဖော့တော–မိုးကုတ် လမ်းပိုင်း တခုလုံးကို ပြန်လည် ထိန်းချုပ်ထားပါတယ်။
အဲဒီနောက် မိုးကုတ်မြို့မှာ အုပ်ချုပ်ရေးယန္တရား တွေပြန်လည်အသက်သွင်းဖို့ကြိုးစားနေပြီး တိုက်ပွဲတွေပြန်ဖြစ်မှာနဲ့ ဖမ်းဆီးမှုတွေဖြစ်လာမှာကို ဒေသခံတွေကစိုးရိမ်နေကြတာဖြစ်ပါတယ်။
စိုးသူအောင်


