
အာဏာသိမ်းစစ်တပ်က ရွေးကောက်ပွဲ အပိုင်း-၃ ကျင်းပမဲ့ ဧရာဝတီတိုင်း ၉ မြို့နယ်မှာ လုံခြုံးရေးတင်းကျပ်တာတွေနဲ့ ရခိုင်ရိုးမနဲ့နီးစပ်တဲ့ ဒေသတွေကို နယ်မြေရှင်းလင်းရေး လုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇန်နဝါရီ ၂၅ ရက်မှာ ဧရာဝတီတိုင်းအတွင်းက ရေကြည်၊ ငပုတော၊ ဒေးဒရဲ၊ ညောင်တုန်း၊ ဓနုဖြူ၊ အင်္ဂပူ၊ မော်လမြိုင်ကျွန်း၊ ဇလွန်နဲ့ လေးမျက်နှာမြို့နယ်စတဲ့ မြို့နယ် ၉ မြို့နယ်မှာ ရွေးကောက်ပွဲ အပိုင်း-၃ ကို ကျင်းပဖို့ရှိနေတာပါ။
ရေကြည်မြို့ကနေ ဝင်ရောက်ယှဥ်ပြိုင်တဲ့ စစ်ကောင်စီခန့် ဧရာဝတီတိုင်း ဝန်ကြီးချုပ် တင်မောင်ဝင်း ကိုယ်တိုင်စည်းရုံးရေးဆင်းလှုပ်ရှားမှုတွေ ပြုလုပ်နေတယ်လို့ ရေကြည်မြို့ခံ တယောက်က ပြောပါတယ်။
“ဧရာဝတီတိုင်းဝန်ကြီးချုပ် တင်မောင်ဝင်း ကိုယ်တိုင် စည်းရုံးရေးတွေ ဆင်းနေတာ လုံခြုံရေးစိတ်ချရတဲ့မြို့တွေ ဖြစ်တဲ့ ဓနုဖြူ၊ ညောင်တုန်း၊ ဇလွန်မြို့နယ်နဲ့ ရေကြည်မြို့နယ်တွေကို ရက်စိပ်စိပ် စည်းရုံးရေးဆင်းနေတာ တွေ့ရတယ်။ ရခိုင်ရိုးမနဲ့နီးစပ်တဲ့ ဒေသတွေကိုတော့ သွားတာမတွေ့ရပါ။ တိုက်ပွဲတွေ ဖြစ်နေသလို လက်နက်ကြီးပစ်ခတ်တာတွေ ကြားနေရတယ်။”
ရခိုင်ရိုးမနဲ့ နီးစပ်တဲ့ဒေတွေကိုလည်း စစ်ကောင်စီတပ်က လုံခြုံရေးတွေ တင်းကျပ်ထားပြီး တိုက်ပွဲတွေဖြစ်နေသလို လက်နက်ကြီးတွေ ရက်ခြားပစ်ခတ်မှုတွေ ရှိနေပြီး ရေကြည်မြို့ကနေ ကြားနေရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ရွေးကောက်ပွဲ အပိုင်း-၂ ပြုလုပ်ခဲ့တဲ့ သာပေါင်း၊ ကံကြီးထောင့်၊ ကျောင်းကုန်း၊ ကျိုက်လတ်၊ ဖျာပုံ၊ ဘိုကလေး၊ အိမ်မဲ၊ ဝါးခယ်မနဲ့ ပန်းတနော်မြို့နယ်တွေမှာတော့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေနဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက မဲပေးပိုင်ခွင့်ရှိသူတွေကို ဖိအားပေး လုပ်ဆောင်ခဲ့တာကြောင့် မြို့နယ်အများစုမှာ ကြံ့ခိုင်ရေးပါတီက မဲအများအပြား ရရှိခဲ့ပြီး နယ်မြေအများစုမှာ ကြံ့ခိုင်ရေးပါတီက ရလဒ်ကောင်းတွေ ရရှိထားတာ တွေ့ရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားသလို ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကလည်း လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။
အာဆီယံ ဥက္ကဋ္ဌ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ကတော့ ဒီရွေးကောက်ပွဲကနေ အနိုင်ရထွက်ပေါ်လာမဲ့ ဘယ်အဖွဲ့အစည်းကိုမှ အဆောတလျင် အသိအမှတ်ပြုတာတွေလုပ်မှာ မဟုတ်ဘူးလို့ ပြောကြားထားပါတယ်။


