
မကွေးတိုင်း၊ ဆောမြို့နယ်ထဲကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၂၀ ရက် ညနေပိုင်းမှာ လေယာဥ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ပြည်သူ တယောက် သေဆုံးကာ ၃ ယောက်ထက်မနည်း အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ယောအလင်းတန်းအဖွဲ့ရဲ့တာဝန်ရှိသူက “ညနေ ၄ နာရီလောက်မှာ ဆောမြို့နယ်ထဲက လယ်ကြီးအိုင်ရွာကို ဗုံးကြဲခံလိုက်ရတာပါ။ ပြည်သူ ၄ ယောက် အပြင်းအထန် ဒဏ်ရာတွေရကြပြီး အဲဒီထဲက အမျိုးသားတယောက်က ရင်ဘတ် ဗုံးစဖောက်ဝင်တဲ့ဒဏ်ရာ ပြင်းထန်လို့ ဆေးကုနေရင်း ညနေ ၅ နာရီလောက်မှာ ဆုံးသွားပါတယ်။ ကျန်တဲ့ ၃ ယောက်ထဲမှာလည်း အသက်အန္တရာယ် စိုးရိမ်ရတဲ့သူတွေ ရှိနေသေးတယ်။ လူနေအိမ် ၃ လုံးလည်း ပျက်စီးခဲ့ပါသေးတယ်” လို့ ပြောပါတယ်။
လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ဆေးကုသမှုခံယူနေရင်း သေဆုံးသွားသူဟာ လယ်ကြီးအိုင်ကျေးရွာက အသက် ၆၀ ကျော်အရွယ် ဦးဖေခင် ဖြစ်ပါတယ်။
မကွေးလေတပ်က နေတက်လာတဲ့ MIG 29 ဂျက်တိုက်လေယာဉ်က လယ်ကြီးအိုင်ရွာထဲကို ဗုံးတလုံးကြဲပြီး ဒေသအခေါ် ရေပြွန်ပေါက်ကို ၂ လုံးနဲ့ သစ်ဆိမ့်ပင်ကို ၁ လုံးကြဲသွားတာလို့ ဆောမြို့နယ် ပကဖ တာဝန်ခံ ကိုနိုဘယ် က DVB ကို ပြောပါတယ်။
လယ်ကြီးအိုင်ရွာထဲမှာက ဘေးဝန်းကျင်ရွာတွေကနေ စစ်လာရှောင်တဲ့သူတွေ ရှိနေတော့ ထိခိုက်မှု များခဲ့ကြတာပါ။
ဒဏ်ရာပြင်းပြင်းထန်ရထားတဲ့သူတွေက ကြံတောရွာသား တယောက်၊ ကံကြီးရွာက တယောက်နဲ့ ယောမြို့ရွာက တယောက်တို့ဖြစ်ကြပြီး ၃ ယောက်လုံးဟာ စစ်ရှောင်ပြည်သူတွေ ဖြစ်ပါတယ်။
ဆောမြို့နယ် ပကဖတာဝန်ခံ ကိုနိုဘယ်က “ရေပြွန်ပေါက်နဲ့ သစ်ဆိမ့်ပင်ဘက်မှာတော့ ထိခိုက်မှုမရှိပါဘူး။ အခုဗုံးကြဲချသွာတဲ့နေရာတွေ ဘက်မှာ တိုက်ပွဲတွေဖြစ်နေတာ မရှိပါဘူး” လို့ DVB ကို ပြောပါတယ်။
အခုရက်ပိုင်းအတွင်း စစ်တပ်ဟာ ဆောမြို့နယ်အတွင်းကို UAV ကင်းထောက်ဒရုန်းတွေအပြင် ATR 47 ကင်းထောက်လေယာဉ်တွေ ပျံဝဲပြီး ကင်းထောက်တာတွေ ဆက်တိုက်ပြုလုပ်နေလို့ ဒေသခံပြည်သူတွေအနေနဲ့ စစ်တပ်ရဲ့ လေကြောင်းအန္တရာယ်ကို အထူးသတိထားဖို့ တိုက်တွန်းပါတယ်။
တော်လှန်ရေးတပ်ပေါင်းစုတွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက် မနက်စောပိုင်းက စတင်ကာ Yawland Opreation စစ်ဆင်ရေးနာမည်နဲ့ ဂန့်ဂေါခရိုင်ရှိ စစ်တပ်စခန်းတွေနဲ့ ပျူစောထီးကျေးရွာတွေကို ထိုးဆင်စစ်တိုက်ခိုက်နေတာဖြစ်ပြီး ပျူစောထီးကျေးရွာ ၂ ရွာနဲ့ လက်နက်ခဲယမ်းအ များအပြား သိမ်းပိုက်ရရှိထားပါတယ်။


