
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွက် စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို တရုတ်ဝမ်ပေါင်ကုမ္ပဏီ ကြေးနီမိုင်းထဲမှာပြုလုပ်မှာဖြစ်လို့ စစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်တယ် ဆိုပြီး အနီးအနားက ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတာကြောင့် ဇန်နဝါရီ ၂၃ ရက်က ဒေသခံ ၂ ယောက် လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာတွေရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇန်နဝါရီ ၂၀ ရက်နေ့ကတည်းက စစ်ကောင်စီက အင်အားဖြည့်နေတာဖြစ်ပြီး ယန်စီတရုတ်မိုင်းဝန်းနဲ့ တယ်ပင်ကန်ကျေးရွာမှာ တပ်စခန်းချထားပြီး ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာလို့ဆိုပါတယ်။
ဖောင်းကားရွာဒေသခံတယောက်က “ဝမ်ပေါင်မှာရှိတဲ့စစ်တပ်ကလည်း ဖောင်းကားတောင်ရွာမှာ တပ်စွဲထားလိုက်ပြီး စစ်ရှောင်ပြေးနေရတဲ့ ပြည်သူတွေကို လက်နတ်ကြီးနဲ့ပစ်ခဲ့လို့ စစ်ရှောင်ပြည်သူ အသက် ၄၀ ကျော် အမျိုးသား ၂ ယောက် ခြေထောက်နဲ့ လက်တွေ လက်နက်ကြီးစ မှန်ခဲ့ရတယ်” လို့ပြောပါတယ်။
ဖောင်းကားမြောက်ရွာ၊ တောင်ရွာ၊ အလယ်ရွာ၊ ဝါးတန်းရွာ၊ ရာဇကျော်၊ တည်ပင်ကန်၊ မိုးကြိုးပြင်မြောက်ရွာ၊ မိုးကြိုးပြင်တောင်ရွာ၊ မိုးကြိုးပြင်အလယ်ရွာက ဒေသခံတွေလည်း စစ်ဘေးရှောင်နေကြရတယ်လို့ ဆိုပါတယ်။
တရုတ်ဝမ်ပေါင် ကြေးနီမိုင်းလုပ်ကွက်တွေထဲကို မုံရွာ နမခ တိုင်းစစ်ဌာနချုပ်ကနေ စစ်သားအင်အား အများအပြား ဖြည့်တင်းထားပြီး စစ်တပ်ကလုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲကို ဇန်နဝါရီ ၂၅ ရက်နေ့မှာ ပြုလုပ်မှာဖြစ်ပါတယ်။
စစ်တပ်က ဆားလင်းကြီးဒေသမှာပြုလုပ်တဲ့ ရွေးကောက်ပွဲအတွက် မိုင်းနယ်မြေ အနီးအနားမှာရှိတဲ့ ကျေးရွာတွေအနီးမှာ နယ်မြေရှင်းလင်းရေးလုပ်ပြီး စစ်ကြောင်းထိုး၊ လက်နက်ကြီးနဲ့ပစ်ခတ်နေလို့ အနီးအနားကျေးရွာတွေက ဒေသခံ ထောင်နဲ့ချီဟာ ဘေးလွတ်မယ်ထင်တဲ့နေရာတွေကို ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေဆီက သိရပါတယ်။


