Home
မြန်မာသတင်း
ရွေးကောက်ပွဲ အတွက် ဧရာဝတီမြစ်ရိုးက မန္တလေးနှင့် စစ်ကိုင်း မြို့နယ်အချို့ကို ဖိအားပေး
ဇေယျာချမ်းအေး
·
January 24, 2026

စစ်ကောင်စီက ရွေးကောက်ပွဲအပိုင်း ၃ လုပ်ဖို့အတွက် ဧရာဝတီမြစ်ရိုးတလျှောက် မန္တလေးနဲ့ စစ်ကိုင်းထဲက မြို့နယ်တချို့ကို ဖိအားပေးနယ်မြေထိန်းချုပ်ဖို့ ကြိုးစားနေပါတယ်။ 

စစ်ကောင်စီရွေးကောက်ပွဲ အပိုင်း ၃ ကို ဇန်နဝါရီ ၂၅ ရက်မှာ နိုင်ငံတဝန်းက လက်ကျန် ၆၃ မြို့နယ်မှာ ဆက်လုပ်သွားမယ်လို့ ကြေညာထားတာပါ။ 

အပိုင်း ၃ မှာ မန္တလေးတိုင်းထဲက မြစ်သား၊ ချမ်းမြသာစည်၊ မလှိုင်၊ တောင်သာ၊ မြင်းခြံ၊ ငါန်းဇွန်၊ သပိတ်ကျင်း၊ ပုသိမ်ကြီး စတဲ့ မြို့နယ် ၈ ခု ပါဝင်ပါတယ်။

မန္တလေးတိုင်း ၂၈ မြို့နယ်ထဲက ၂၅ မြို့နယ်မှာပဲ ရွေးကောက်ပွဲပြုလုပ်ဖို့ စစ်ကောင်စီက ကြေညာထားပြီး စဉ့်ကူး၊ နွားထိုးကြီးနဲ့ မိုးကုတ်မြို့နယ်တို့ကတော့ ရွေးကောက်ပွဲအပိုင်း ၃ ခုစလုံးရဲ့ စာရင်းမှာ မပါဝင်ခဲ့ပါဘူး။

ဒါပေမဲ့ စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ရဲ့ အစောပိုင်းထုတ်ပြန်ချက်မှာ မန္တလေးတိုင်း၊ မြို့နယ် ၂၈ ခုစလုံးမှာ ရွေးကောက်ပွဲ မဲဆန္ဒနယ်တွေသတ်မှတ်ဖော်ပြခဲ့တာကြောင့် စစ်ရေးအခြေအနေအပေါ်မူတည်ပြီး မဲရုံတွေထောင်နိုင်ဖို့ စဉ်းစားချက်ရှိခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက မှတ်ချက်ပေးပါတယ်။

လတ်တလောမှာတော့ ဇန်နဝါရီ ၁၇ ရက်လောက်ကနေ လက်ရှိအချိန်အထိ စဉ့်ကူး၊ မတ္တရာအပါအဝင် ဧရာဝတီမြစ်ရိုးတလျှောက် မန္တလေးတိုင်းထဲက မြို့နယ်တွေကို စစ်ကောင်စီက ဖိအားပေးခြိမ်းခြောက်တာတွေ ပြုလုပ်နေတယ်လို့ စဉ့်ကူးနယ်ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင် တယောက်က ပြောပါတယ်။ 

“မြစ်ရိုးတလျှောက်ကိုတော့ တော်တော်လေးအင်အားထပ်ဖြည့်ထားပြီးတော့ ပြင်ဆင်မှုတွေ နယ်မြေရှင်းလင်းရေးတွေ သူတို့ဘက်ကလုပ်နေပါတယ်။ ပြီးရင် ဒရုန်းတွေဝဲပြီးတော့ စဉ့်ကူး-သပိတ်ကျင်းတကြောကနေပြီးမှ မြို့အနောက်ဘက်ဆိုရင် ခင်ဦး-ဝက်လက်တကြောပေါ့ ဒရုန်းတွေချပြီးမှ ခရီးသွားပြည်သူတွေဘာတွေကိုလည်း လိုက်ချတာလုပ်တယ်ပေါ့နော်။ တော်လှန်ရေးအင်အားစုတွေ အဓိက စဉ့်ကူး-သပိတ်ကျင်းကိုမလာနိုင်အောင်လို့ သူတို့ရွေးကောက်ပွဲကို မနှောင့်ယှက်နိုင်အောင်လို့ ဒီလိုအပိုင်းတွေလုပ်တယ်လို့တော့ ကျနော်တို့ သုံးသပ်ပါတယ်။ ၁၇ ရက်နေ့လောက် အဲဒီလောက်ကနေချနေတာ ခုချိန်အထိပဲ နေ့စဉ် နေ့ရော ညရော ဒရုန်းတွေပျံတယ်၊ ချတယ် ဒီလိုတွေတော့ သူတို့လုပ်နေပါတယ်။”

၂၀၂၅ ဒီဇင်ဘာ ၂၈ ရက်တုန်းက အတုအယောင် ရွေးကောက်ပွဲ အပိုင်း ၁ ကို နိုင်ငံတဝန်း ၁၀၂ မြို့နယ်မှာ ပြုလုပ်ခဲ့ပြီး  ဇန်နဝါရီ ၁၁ ရက်မှာ အပိုင်း ၂ ကို မြို့နယ် ၁၀၀ မှာ ပြုလုပ်ခဲ့ပါတယ်။

အပိုင်း ၁ မှာ မန္တလေးတိုင်းထဲက မြို့နယ် ၈ ခု၊ အပိုင်း ၂ မှာ မြို့နယ် ၉ ခုပါဝင်ခဲ့ပါတယ်။ လက်တွေ့မြေပြင်အခြေအနေမှာတော့ မြို့နယ်တခုချင်းစီကိုလွှမ်းခြုံတဲ့ မဲရုံတွေနဲ့ မဲပေးစနစ်ကို စစ်ကောင်စီက မပြင်ဆင်နိုင်ခဲ့သလို ပြည်သူတွေရဲ့ပူးပေါင်းပါဝင်မှုဟာလည်း နည်းပါးခဲ့ပါတယ်။

မတ္တရာကာကွယ်ရေးအဖွဲ့မှ ကိုဒေါင်းက “မတ္တရာအခြေအနေကတော့ မတ္တရာအနောက်ခြမ်းဘက် မြေနုကျွန်းဘက်တွေပေါ့၊ ဧရာဝတီမြစ်ကြောင်းတလျှောက်မှာ သူတို့မွှေနေတာတွေတော့ ရှိပါတယ်။ မတ္တရာနယ်အရှေ့ခြမ်းဘက်တွေမှာတော့ ပြည်သူတွေကိုဖမ်းဆီးရိုက်နှက်တာတွေ တော်တော်များများရှိနေပြီလို့သတင်းရထားပါတယ်။ စဉ့်ကူးနယ်ထဲ ကျွန်းကြီး-သဲအင်း -ကြက်တူရွေးရွာတွေကိုတော့ စကစ မီးရှို့တာရှိပါတယ်ဗျ။ ကျွန်းကြီးဘက်ကနေလည်း စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ဘက်ကို လက်နက်ကြီးတွေပစ်ခတ်နေတာတွေရှိပါတယ်၊ ပြည်သူတွေကိုလည်းဖမ်းဆီးနေတာတွေတော့ တော်တော်များများရှိပါတယ်ဗျ” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ထုတ်ပြန်ချက်အရ နိုင်ငံတဝန်း မြို့နယ် ၃၃၀ ထဲက ၂၆၅ မြို့နယ်မှာပဲ မဲရုံတွေဖွင့်နိုင်မှာဖြစ်ပြီး ကျန်တဲ့ ၆၅ မြို့နယ်မှာ မဲရုံဖွင့်နိုင်တဲ့ အခြေအနေမရှိပါဘူး။

စစ်ကောင်စီက စစ်ကိုင်း-မန္တလေး-ရှမ်းပြည်ကနေ တရုတ်နယ်စပ်အထိ ကုန်သွယ်ရေးလမ်းတွေကို ပြန်ဖွင့်နိုင်ဖို့ အင်အားသုံးပြီး လမ်းပိုင်းတွေကို ပြန်ထိန်းချုပ်နေတာပါ။

စစ်ကောင်စီရွေးကောက်ပွဲကို  အာဆီယံနဲ့ နိုင်ငံတကာအသိုက်အဝန်းက အသိအမှတ်မပြုပေမဲ့  တရုတ်အစိုးရက ထောက်ခံအားပေးနေသလို သူတို့ရဲ့ဖိအားကြောင့် သိမ်းယူထားတဲ့ ရှမ်း-မန်းဆက်စပ်နယ်က မြို့တွေနဲ့ တပ်စခန်းနေရာတွေကို တော်လှန်ရေး အင်အားစုတွေက ပြန်လက်လွှတ်ခဲ့ရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013