
ရွေးကောက်ပွဲ အပိုင်း ၃ မှာ ပါဝင်တဲ့ ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်မှာ မဲမထည့်ပါက ဖမ်းဆီး အရေးယူမယ်လို့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက ဖိအားပေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇန်နဝါရီ ၂၅ ရက် ဒီကနေ့ကျင်းပမဲ့ ရွေးကောက်ပွဲ အပိုင်း ၃ မှာ မဖြစ်မနေ မဲသွားပေးကြဖို့နဲ့ မဲစာရင်းမှာပါပြီး မဲမပေးပါက ဖမ်းဆီးအရေးယူသွားမယ်လို့ ဓနုဖြူမြို့နယ်အတွင်းက စစ်ကောင်စီခန့် ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက ဖိအားပေး မဲပေးခိုင်းနေတာလို့ သိရပါတယ်။
ဓနုဖြူမြို့နယ် ဒေသခံတယောက်က “မဲမထည့်ရင် အရေးယူမယ်၊ အရေးယူလို့ရတယ်လို့ အုပ်ကြီးတွေက ပြောတာ။ မဲပေးရမဲ့နေ့ မဲသွားမထည့်ရင် သူပုန်တွေနဲ့ ပူးပေါင်းနေတဲ့သူတွေပဲလို့ ပြောတယ်။ မဲစာရင်းနံပါတ်တွေ ပေးရင်း ပြောတာ” လို့ ပြောပါတယ်။
ရွေးကောက်ပွဲ အပိုင်း ၃ မှာ ဓနုဖြူမြို့နယ်အနေနဲ့ ရပ်ကွက် ၁၈ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၆၃ အုပ်စုမှာ မဲရုံပေါင်း ၁၅၈ ရုံအထိ ပြင်ဆင်ထားတယ်လို့ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနဲ့ နီးစပ်သူက ပြောပါတယ်။
“ပေးခွင့်ရှိသူတွေ၊ ဆန္ဒမဲပေးရာမှာ အခက်အခဲတွေ မရှိစေဖို့ မဲရုံတွေကို စနစ်တကျ ပြင်ဆင်ထားတယ်။ မဲပေးရာမှာ မြန်ဆန်ဖို့ မဲဆန္ဒရှင် အမှတ်စဉ်တွေကိုလည်း ထုတ်ပေးထားပါတယ်။”
ရွေးကောက်ပွဲ အပိုင်း ၃ မှာ ပါဝင်တဲ့ ဓနုဖြူမြို့နယ်မှာ မဲဆန္ဒပေးခွင့်ရှိသူ ၁၁၄,၆၆၄ ယောက် ရှိတယ်လို့လည်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကနေ သိရပါတယ်။
ဒါ့အပြင် ဓနုဖြူမြို့နယ်အတွင်းက မဲရုံတွေမှာ ဇန်နဝါရီ ၂၃ ရက်က စတင်ပြီး စစ်တပ်၊ ရဲတပ်ဖွဲ့နဲ့ ပြည်သူ့စစ်တွေက လုံခြုံရေးယူပေးထားပြီး မဲရုံအနီး ဖြတ်သန်းသွားလာသူတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားသလို ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကလည်း လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။
မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ကတော့ ဒီရွေးကောက်ပွဲကနေ အနိုင်ရ ထွက်ပေါ်လာမဲ့ ဘယ်အဖွဲ့အစည်းကိုမှ အဆောတလျင် အသိအမှတ်ပြုတာတွေ လုပ်မှာမဟုတ်ဘူးလို့ ပြောကြားထားပါတယ်။


