Home
မြန်မာသတင်း
စစ်တပ် မီးရှို့ခဲ့သည့် မြိုင်မြို့နယ် နှောပင်ရွာက ​မီးဘေးသင့်ပြည်သူများ အ​ကူအညီလိုအပ်
DVB
·
January 25, 2026
Photo: ဦးဘိုသာ

မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲမှာ ဇန်နဝါရီ ၁၅ ရက် ညနေပိုင်းက စစ်ကောင်စီစစ်ကြောင်းရဲ့ မီးရှို့ဖျက်ဆီးတာခံခဲ့ရတဲ့ နှောပင်ကျေးရွနေ ​မီးဘေးသင့်ပြည်သူတွေအတွက် အ​ကူအညီတွေ လိုအပ်နေတယ်လို့  မီးဘေးသင့်ပြည်သူတွေနဲ့ ပရဟိတအဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

နှောပင်ရွာခံ နေအိမ်မီးရှို့ခံရတဲ့ ဦးဘိုသာက “နေအိမ်တွေ မီးလောင်ခံထားရတော့ နေရေးထိုင်ရေးကတော့ ခက်ခဲမှုလေးတွေ ရှိတာပေါ့။ တချို့လည်း ဆွေမျိုးသားချင်းအိမ်တွေမှာ ကပ်နေရတယ်။ တချို့လည်း လမ်းဘေးမှာ ဖြစ်သလို ဝါးနဲ့မိုးကာ အရိပ်အမိုးထိုးပြီး နေထိုင်ရတဲ့ အခြေအနေ ရှိပါတယ်။ စားနပ်ရိက္ခာအတွက်ကတော့ နီးစပ်တဲ့သူတွေက လှူဒါန်းပေးကြလို့ အဆင်ပြေနေသလိုတော့ ရှိပါတယ်။ လော​လောဆယ်တော့ မီးလောင်ခံရတဲ့ အိမ်ထောင်စုတွေကို ဝါးလုံး အလုံး ၄၀ စီ ဝေနိုင်သေးတယ်။ ငွေကြေးလေးတွေလည်း လှူဒါန်းကြတာတော့ ရှိပါတယ်။ ဒါပေမဲ့ အစစအရာရာ စျေးကြီးနေတဲ့အချိန်မှာ နေစရာအိမ်တလုံးဖြစ်ဖို့ ဆိုတာတော့ မလွယ်သေးပါဘူး။ ​ကျနော်တို့ရွာကနေ တခြားမြို့တွေကို နေသူတွေဆီကနေ လှူဒါန်းမှုတွေပဲ ရှိသေးတယ်။ မီးရှို့ခံရပြီး ၁၀ ရက်နီးပါးကြာလာတဲ့ အခုချိန်အထိ ရှင်းလင်းရေးတွေ ဆောင်ရွက်နေ ကြရပြီးတော့ တခြား ပြည်တွင်း၊ ပြည်ပက အလှူရှင်တွေဆီကနေ ပေးပို့လှူဒါန်းကြတာ မရှိသေးပါဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းရဲ့ နှောပင်ကျေးရွာကို မီးရှို့ဖျက်ဆီးခံရမှုအတွင်း ကျန်းမာရေး မကောင်းဘဲ ဆွေမျိုးသားချင်းလည်း မရှိတဲ့ အသက် ၇၀ ဝန်းကျင် ဒေါ်မြကျင် မီးလောင်သေဆုံးခဲ့ရသလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးနှိပ်စက်ခံရတဲ့ အသက် ၇၀ ဝန်းကျင် အမျိုးသားတယောက်လည်း အပြင်းအထန် ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

အိမ်ခြေ ၇၀၀ နီးပါးရှိတဲ့ ​အဆိုပါ နှောပင်ကျေးရွာကို တပ်မ ၈၈ နဲ့ ၉၉ ဘက်တံဆိပ်တွေနဲ့ အင်အား ၂၅၀ လောက်ပါလာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဇန်နဝါရီ ၁၅ ရက် ညနေ ၆ နာရီဝန်းကျင်လောက်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဝင်ရောက်မီးရှို့ ဖျက်ဆီးခဲ့တာပါ။

မီးရှို့မှုကြောင့် လူနေအိမ်၊ နွားတင်းကုတ်နဲ့ စပါးကျီအလုံးပေါင်း ၁၁၅ လုံး မီးလောင်ပျက်စီးခဲ့သလို မီးဘေးသင့် အိမ်ထောင်စုပေါင်း ၄၆ စုနဲ့ မီးဘေးသင့်ပြည်သူ ၇၆ ယောက် ရှိနေပြီး ရာသီပေါ်သီးနှံတွေဖြစ်တဲ့ စပါး၊ ဆန်၊ ပဲနဲ့ တခြား အိမ်တွင်းပစ္စည်း အများအပြား မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

မီးဘေးသင့်ပြည်သူတွေအရေး ကူညီဆောင်ရွက်ပေးနေတဲ့ ပရဟိတအဖွဲ့ဝင်တယောက်က “မီးဘေးသင့်ပြည်သူတွေအတွက် နေစရာဖြစ်ဖို့ရာ အဓိကလုံးပန်းရတာပဲ။ ကျနော်တို့ ပရဟိတအဖွဲ့တွေဘက်ကလည်း သူတို့ လိုအပ်တာ လိုက်ကူပေးရတယ်။ အဆောက်အအုံတွေ ပြန်ဆောက်ဖို့ လိုအပ်တဲ့ တချို့ပစ္စည်းတွေ အလှူခံလို့ရပေမဲ့ တချို့ပစ္စည်းတွေကျတော့လည်း ဈေးအချိုဆုံးနဲ့ရအောင် ဆောင်ရွက်ပေးရတာတွေ ရှိတာပေါ့” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာဟာ ပြည်သူ​တွေကနေ PDF တွေကို မထောက်ပံ့နိုင်​ဖို့နဲ့ ပြည်သူတွေ မွဲငတ်နေပြီး နိုင်ငံရေးဘက်ကို ​မလှည့်မှသာ အာဏာရှင် တည်မြဲနေမယ်ဆိုတဲ့ အချက် ၂ ချက်ကြောင့်လို့  ပရဟိတအဖွဲ့ဝင်က ပြောပါတယ်။

နှောပင်ကျေးရွာက မီးဘေးသင့်ပြည်သူတွေအတွက် ပါဝင်လှူဒါန်းလိုကြတဲ့ ပြည်တွင်း၊ ပြည်ပ အလှူရှင်တွေအနေနဲ့လည်း မီးဘေးသင့်ပြည်သူတွေ အပါအဝင် မြိုင်မြို့နယ် အခြေစိုက် ပရဟိတအဖွဲ့တွေနဲ့ ချိတ်ဆက်လှူဒါန်းနိုင်တယ်လို့လည်း ဆိုပါတယ်။

အဆိုပါ နှောပင်ကျေးရွာဟာ မြိုင်မြို့နယ်အတွင်းမှာရှိပြီး မြိုင်မြို့နဲ့ မိုင် ၂၀ ကျော် ကွာဝေးသလို ပခုက္ကူမြို့နဲ့ ၁၀ မိုင်ကျော်သာ ဝေးကွာတဲ့ ကျေးရွာတရွာလည်း ဖြစ်ပါတယ်။

မြိုင်မြို့နယ်အတွင်း ကျေးရွာတွေမှာ နေထိုင်ကြတဲ့ တောင်သူဦးကြီးတွေအနေနဲ့ စပါး၊ ပဲ၊ နှမ်း စတဲ့ လယ်ယာထွက်ကုန် သီးနှံတွေကို စုဆောင်းမထားကြဘဲ ရောင်းချထားကြဖို့နဲ့ အရေးကြီး စာရွက်စာတမ်းတွေကို စနစ်တကျ သိမ်းဆည်းထားကြဖို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပရဟိတအဖွဲ့တွေဘက်က တိုက်တွန်းထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013