Home
ဆောင်းပါး
အာဏာထိုင်ခုံ မြဲဖို့ မင်းအောင်လှိုင် ဘာတွေလုပ်နေလဲ
DVB
·
January 22, 2026

ရွေးကောက်ပွဲမှာ သူ့နာမည် မပါဘူး။ မဲဆွယ်ပိုစတာတွေမှာလည်း သူ့ဓာတ်ပုံကို မတွေ့ရဘူး။ ဒါပေမဲ့ အခုလုပ်နေတဲ့ မြန်မာ့ရွေးကောက်ပွဲအပေါ် လွှမ်းမိုးထားတဲ့ လူတယောက် ရှိပါတယ်။ သူကတော့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပါပဲ။

အသက် ၆၉ နှစ်အရွယ် မင်းအောင်လှိုင်ဟာ ၂၀၂၁ ခုနှစ်မှာ နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့သူပါ။ အဲဒီနောက်ပိုင်း ပြင်းထန်တဲ့ ပြည်တွင်းစစ် ဖြစ်လာပြီး လူသန်းပေါင်းများစွာ အိုးအိမ်စွန့်ခွာခဲ့ရပါတယ်။ နယ်စပ်ဒေသအများစုလည်း တော်လှန်ရေးတပ်ဖွဲ့တွေလက်ထဲ ရောက်သွားခဲ့ပါတယ်။

ရွေးကောက်ပွဲ ပထမပိုင်း မဲရေတွက်နေတဲ့အချိန်မှာ ပြောကြားခဲ့တဲ့ နှစ်သစ်ကူးမိန့်ခွန်းမှာတော့ ရွေးကောက်ပွဲအလွန် တက်လာမဲ့ အစိုးရသစ်ကို နိုင်ငံတာဝန်တွေ လွှဲပြောင်းပေးမယ်လို့ မင်းအောင်လှိုင်က ဆိုပါတယ်။

သူတို့လုပ်တဲ့ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီကို ဖျက်သိမ်းလိုက်သလို တခြား အတိုက်အခံပါတီကြီးတွေကလည်း ဝင်မပြိုင်ကြပါဘူး။ ဒါဟာ စစ်တပ်က နောက်ကွယ်ကနေ အာဏာဆက်ယူဖို့ ကြိုးစားတဲ့ ရွေးကောက်ပွဲတခုလို့ ဝေဖန်ခံနေရပါတယ်။ ကုလသမဂ္ဂနဲ့ အနောက်အုပ်စု လူ့အခွင့်အရေးအဖွဲ့တွေကတော့ ဒီရွေးကောက်ပွဲဟာ လွတ်လပ်မှုမရှိသလို တရားမျှတမှုလည်း မရှိဘူးလို့ ပြောဆိုထားပါတယ်။

ရိုက်တာသတင်းဌာနက မင်းအောင်လှိုင်နဲ့ နီးစပ်သူ ၆ ဦးနဲ့ စစ်ဘက်ရေးရာ လေ့လာသူ ၂ ဦးကို မေးမြန်းခဲ့ပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း မင်းအောင်လှိုင်ဟာ အိမ်နီးချင်းနိုင်ငံတချို့နဲ့ပဲ အဆက်အသွယ်ရှိပြီး သတင်းမီဒီယာတွေနဲ့ စကားပြောလေ့ မရှိပါဘူး။

သူဟာ တင်းမာတဲ့ စစ်ခေါင်းဆောင်တယောက် ဖြစ်ပေမဲ့ နိုင်ငံရေးသမား ပုံစံမျိုးလည်း ရှိပါတယ်။ နိုင်ငံရဲ့ အိလစ်ထိပ်သီးအလွှာတွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ ကောင်းကောင်း နားလည်ထားသူလို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

ဒီလိုအရည်အချင်းတွေ ရှိလို့သာ စစ်မြေပြင်မှာ ရှုံးနိမ့်ပြီး စစ်တပ်ပုံရိပ်ကျဆင်းနေတာတောင် သူ အာဏာမြဲနေတာ ဖြစ်ပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခတွေကြောင့် အရပ်သား ၁၆,၆၀၀ ထက်မနည်း သေဆုံးခဲ့ရတယ်လို့ သုတေသနအဖွဲ့တွေက ဆိုပါတယ်။

အာဏာအကုန် မယူဘဲ ရွေးကောက်ပွဲကနေတဆင့် အာဏာခွဲဝေမယ်ဆိုတာဟာ အိလစ်ထိပ်သီးအလွှာတွေကို ထိန်းချုပ်တဲ့ နည်းဗျူဟာတခု ဖြစ်တယ်လို့ ထိုင်းအခြေစိုက် ISP-Myanmar က ကိုနိုင်မင်းခန့်က သုံးသပ်ပါတယ်။ တာဝန်တွေကို ဖြန့်ခွဲလိုက်ပြီး စစ်အုပ်စု မပြိုကွဲအောင် ထိန်းထားတဲ့ သဘောပါလို့ ဆိုပါတယ်။

မင်းအောင်လှိုင်နဲ့ တွေ့ဖူးတဲ့ နိုင်ငံခြားသား အရာရှိဟောင်းတယောက်က  “သူခေါင်းဆောင်ဖြစ်လာတာက ရက်စက်တတ်တဲ့ စစ်သားတယောက် ဖြစ်လို့တင် မကပါဘူး။ သူ့ပတ်ဝန်းကျင်က ဖိအားတွေကို လျှော့ချနိုင်တဲ့ ပါးနပ်မှုတွေ ရှိလို့ပါ” လို့ ပြောပါတယ်။

“တခြားလူသာ ဒီနေရာမှာဆိုရင် ဖိအားတွေ ဒီထက်ပိုများနိုင်တယ်” လို့ သူက ဆိုပါတယ်။ မြန်မာပြန်ကြားရေးဝန်ကြီးဌာနကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်ခြင်း မရှိပါဘူး။

သဘောတူညီချက်များနှင့် သစ္စာရှိသူများ

မင်းအောင်လှိုင်ဟာ သူ့ကို သစ္စာရှိတဲ့ ဗိုလ်ချုပ်တချို့ကို စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းတွေမှာ နေရာကောင်းတွေ ပေးထားပါတယ်။ တဖက်မှာလည်း တခြားအရာရှိကြီးတွေကို ဖမ်းဆီးတာမျိုး လုပ်လေ့ရှိပြီး သူ့နေရာကို ဆက်ခံနိုင်ခြေရှိသူလို့ ထင်ရသူတဦးကိုတောင် စစ်ခုံရုံး တင်ခဲ့ပါတယ်။

ဒါဟာ ပြိုင်ဘက်တွေကို ထိန်းချုပ်တဲ့ နည်းလမ်းဖြစ်တယ်လို့ ကိုနိုင်မင်းခန့်က ပြောပါတယ်။ “အာဏာခွဲဝေမှုဆိုတာ အရာရှိအသိုက်အဝန်းကြားက အပေးအယူ ညှိနှိုင်းမှုတွေပါပဲ။ အရာရှိတွေ အားလုံး ရှင်သန်ရပ်တည်နိုင်မှ စစ်အုပ်စုလည်း သက်ဆိုးရှည်မှာ ဖြစ်ပါတယ်” လို့ သူက သုံးသပ်ပါတယ်။

တချိန်တည်းမှာပဲ မင်းအောင်လှိုင်ဟာ နိုင်ငံခြားခေါင်းဆောင်တွေနဲ့ ထိတွေ့ဆက်ဆံဖူးတဲ့ ဦးသန်းဆွေလို လူမျိုးတွေကို အရေးပါတဲ့ နေရာတွေ ပေးထားပါတယ်။ ကုလသမဂ္ဂ သံအမတ်ဟောင်း ဦးသန်းဆွေဟာ လက်ရှိ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဖြစ်ပြီး သံတမန်ရေးရာ ကိစ္စတွေမှာ မင်းအောင်လှိုင်ကို အကြံပေးနေသူလို့ သိရပါတယ်။

ဦးသန်းဆွေဟာ အာဏာသိမ်းပြီးနောက်ပိုင်း ဆက်ဆံရေး အေးစက်သွားတဲ့ အာဆီယံအဖွဲ့နဲ့ ပြန်လည်အဆင်ပြေအောင် ကြိုးစားနေသူလည်း ဖြစ်ပါတယ်။

မင်းအောင်လှိုင်ရဲ့ နိုင်ငံရေး စိတ်ဝင်စားမှုက အာဏာမသိမ်းခင် ကာကွယ်ရေးဦးစီးချုပ် ဖြစ်ကတည်းက ထင်ရှားတယ်လို့ နီးစပ်သူတဦးက ပြောပါတယ်။

၂၀၁၀ ပြည့်လွန်နှစ်တွေတုန်းက အရပ်သားတပိုင်း အစိုးရကို အာဏာလွှဲထားချိန်မှာတောင် မင်းအောင်လှိုင်က ဘာသာရေးခေါင်းဆောင်တွေ၊ ရပ်မိရပ်ဖတွေနဲ့ တွေ့ဆုံနေခဲ့တာပါ။ “စစ်သားသက်သက်ပဲ လုပ်မယ်ဆိုရင် ဒါတွေလုပ်စရာ အကြောင်းမရှိဘူး” လို့ အဆိုပါပုဂ္ဂိုလ်က ပြောပါတယ်။

အောင်ပွဲခံ အိလစ်ထိပ်သီးအလွှာများ

မင်းအောင်လှိုင်ဟာ မွေးချင်း ၅ ယောက်မှာ စတုတ္ထမြောက်ဖြစ်ပြီး ရန်ကုန်မှာ ဥပဒေပညာ သင်ယူခဲ့ပါတယ်။ ၁၉၇၇ ခုနှစ်မှာ DSA (စစ်တက္ကသိုလ်) ကနေ ဆင်းပြီးနောက် ရာထူးတဖြည်းဖြည်း တက်လာခဲ့တာဖြစ်ပါတယ်၊ နယ်စပ်ဒေသတွေမှာလည်း တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။

DSA ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ “အနာဂတ်၏ အောင်ပွဲခံ အထက်တန်းလွှာများ” ဆိုတာက စစ်တပ်ရဲ့ အခန်းကဏ္ဍကို ပေါ်လွင်စေပါတယ်။ စစ်ဗိုလ်အများစုက သူတို့ကိုယ်သူတို့ တိုင်းပြည်၊ လူမျိုးနဲ့ ဘာသာသာသနာရဲ့ ကာကွယ်သူအဖြစ် ခံယူထားကြပါတယ်။

ဒီလို စိတ်ဓာတ်တွေကြောင့်ပဲ ၂၀၂၁ ဖေဖော်ဝါရီလမှာ မင်းအောင်လှိုင်က အာဏာသိမ်းခဲ့တာလို့ နီးစပ်သူ အရာရှိတဦးက ပြောပါတယ်။ NLD ပါတီက ရွေးကောက်ပွဲနိုင်ပြီး လအနည်းငယ်အကြာမှာ အာဏာသိမ်းခဲ့တာပါ။

“အာဏာသိမ်းတာ မှန်ကန်တယ်လို့ သူက ယူဆထားတယ်။ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ စိုးရိမ်ပူပန်မှုတွေကို နားမထောင်ခဲ့ဘူးလို့ သူမြင်တယ်” လို့ အဆိုပါအရာရှိက ပြောပါတယ်။

အခု အသက် ၈၀ ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ ထောင်ဒဏ် ၂၇ နှစ် ကျခံနေရပါတယ်။ အခု ဘယ်မှာထားလဲဆိုတာ အတိအကျ မသိရပါဘူး။ စစ်ကောင်စီကတော့ ကျန်းမာရေးကောင်းတယ်လို့ပဲ ပြောပါတယ်။

မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး သံတမန်နည်းလမ်းနဲ့ ကြိုးပမ်းခဲ့ဖူးပေမဲ့ မင်းအောင်လှိုင်က ချက်ချင်း ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ သူတို့ရဲ့ သံမဏိစည်း (Red line) ပါလို့ နိုင်ငံခြားသား အရာရှိဟောင်းက ပြောပါတယ်။

အာဏာလွှဲပြောင်းမလား

ဒီဇင်ဘာ ၂၈ ရက်နေ့ နေပြည်တော်မှာ မဲပေးအပြီး သမ္မတလုပ်မလားလို့ သတင်းထောက်တွေက မေးတဲ့အခါ မင်းအောင်လှိုင်က ပြုံးပြီး ဖြေခဲ့ပါတယ်။

“ကျနော် ဒါလုပ်ချင်တယ်၊ ဟိုဟာလုပ်ချင်တယ်လို့ ပြောလို့မရပါဘူး။ ကျနော်က နိုင်ငံရေးပါတီ ခေါင်းဆောင်မှ မဟုတ်တာ” လို့ သူက ပြောပါတယ်။

ဒါပေမဲ့ မင်းအောင်လှိုင်ဟာ ကာကွယ်ရေးဦးစီးချုပ်နေရာကို ဆက်ခံမယ့်သူ ရွေးချယ်ပြီး သူကိုယ်တိုင်ကတော့ နိုင်ငံရေးအခန်းကဏ္ဍကို ယူဖို့ စဉ်းစားနေပုံရတယ်လို့ သူ့စိတ်သဘောထားကို သိတဲ့ အရာရှိတဦးက ပြောပါတယ်။ “အစိုးရသစ် ပေါ်လာလိမ့်မယ်။ သူက အာဏာအကုန် ဆုပ်ကိုင်ထားမှာ မဟုတ်ဘူး” လို့ ဆိုပါတယ်။

စစ်တပ်က ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအရ သမ္မတမှာ လုပ်ပိုင်ခွင့်အာဏာ ရှိပေမဲ့ စစ်တပ်ကို အမိန့်ပေးနိုင်တဲ့ အာဏာမရှိပါဘူး။ ရွေးကောက်ပွဲ ကနဦးရလဒ်တွေအရ စစ်ဗိုလ်ဟောင်းတွေ ဦးဆောင်တဲ့ ကြံ့ခိုင်ရေးပါတီ (USDP) က ဦးဆောင်နေပါတယ်။

CDM ဗိုလ်မှူး နောင်ရိုးကတော့ စစ်တပ်ရဲ့ မျိုးဆက်သစ် ခေါင်းဆောင်တွေ တက်လာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တော်လှန်ရေးအပေါ် သဘောထား ပြောင်းမှာမဟုတ်ဘူးလို့ သုံးသပ်ပါတယ်။

“မင်းအောင်လှိုင် လုပ်ပုံကိုင်ပုံကို မကြိုက်တဲ့ စစ်ဗိုလ်တွေ ရှိချင်ရှိမယ်။ ဒါပေမဲ့ အဲဒါက သူတို့ တော်လှန်ရေးကို ကြိုက်တယ်လို့တော့ အဓိပ္ပာယ်မသက်ရောက်ပါဘူး” လို့ သူက ပြောပါတယ်။

ဒက်ဗ်ဂျော့ဂိုရှယ်၊ ပါနုဝေါင်ချာအုမ်

Source: Reuters 

(ရိုက်တာသတင်းဌာနတွင်  ထိုင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်း သတင်းထောက်ချုပ် Devjyot Ghoshal နှင့်  Panu Wongcha-um တို့ ရေးသားထားသည့်  “Pacts, patronage and fear: how Myanmar's junta chief holds on to power” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြသည်။)

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013