
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ရမ်းဖိုရွာမှာ ကင်းလှည့်လာတဲ့ စစ်ကောင်စီ တပ်သားတွေကို ဗိုလ်ခရင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးသူတွေ ရှိတယ်လို့ ဗိုလ်ခရင်း တပ်ဖွဲ့ဆီကနေ သိရပါတယ်။
ဇန်နဝါရီ ၂၁ ရက် ညနေ ၅ နာရီလောက်မှာ ရမ်းဖိုရွာအတွင်း အင်အား ၁၀ ယောက် ဝန်းကျင်လောက်နဲ့ ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းတလုံးဆွဲ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဗိုလ်ခရင်းတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက “စကစဘက်က ကင်းလှည့်နေချိန် စစ်သား ၅ ယောက်လောက်က ကျနော်တို့ မိုင်းကွင်းထဲဝင်လာတယ်။ မျက်မြင် ၅ ယောက် သေဆုံးတယ်”လို့ ပြောပါတယ်။
မိုင်းခွဲမှုကြောင့် ထိခိုက်သေဆုံးမှု အရေအတွက်နဲ့ ပတ်သက်ပြီးတော့ သီးခြားအတည်ပြုနိုင်တာ မရှိပါဘူး။
စစ်ကောင်စီဘက်က မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ၅ မိနစ်အကြာမှာ လက်နက်ငယ်နဲ့ ပြန်လည်ပစ်ခတ်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်က အထိအခိုက်မရှိဘူးလို့ မြေပြင်ရှိ ရဲဘော်တွေက ပြောပါတယ်။
အဆိုပါစစ်ကောင်စီတပ်သားတွေက ရမ်းဖိုရွာမှာ အခြေချထားတဲ့ စစ်ကောင်စီ တပ်သားတွေဖြစ်ပြီး ညနေဘက်မှာ ကင်းလှည့်လေ့ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။


