ကရင်ပြည်နယ်၊ ဘားအံမြို့နယ်မှာ စစ်တပ်ပိုင် ဘိလပ်မြေစက်ရုံက စုပုံထားတဲ့ ကျောက်မီးသွေးကနေထွက်တဲ့ အနံ့တွေကို ရှူရှိုက်နေရတဲ့အတွက် တကိုယ်လုံး ကိုက်ခဲပြီး ခေါင်းကိုက်တာတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေနဲ့ ရပ်မိရပ်ဖတွေက ပြောပါတယ်။
ဘားအံမြို့နယ်၊ မြိုင်ကလေးကျေးရွာက စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ဘိလပ်မြေစက်ရုံ တန် ၄,၀၀၀ က စည်းကမ်းမဲ့ စုပုံသိုလှောင်ထားတဲ့ ကျောက်မီးသွေးပုံတွေက အပူလွန်ကဲပြီး မီးလောင်တာတွေ ဖြစ်ပေါ်နေပါတယ်။
ဒါကြောင့် မီးလောင်ပြီး ထွက်ရှိလာတဲ့ အနံ့ဆိုးတွေကို ဒေသခံတွေ ရှူရှိုက်နေရတာကြောင့် ကျန်းမာရေးအတွက် စိုးရိမ်နေကြတာပါ။
ဒေသခံတယောက်က “ဈေးသွားလို့ရှိရင် ဖြတ်သွားလို့ရှိရင် မီးတွေ တောက်လောင်တယ်လေ။ မီးခိုးတွေ ထွက်တယ်။ အဲဒီလိုမျိုး တွေ့ရတယ်။ အဲဒီ စက်ရုံအရှေ့က ကားဝင်းထဲမှာ။ အဲဒီနေရာမှာ သွားလာလို့ရှိရင် မြင်ရတယ်။ အဲဒီနားမှာပဲ ဖြတ်သွားရတယ်။ အဲဒီမှာ ပုံထားတာ အများကြီးပဲ။ လေတိုက်တဲ့ဘက်ဆိုရင် အဝေးရောက်တယ်။ တကယ်လို့ လေငြိမ်လို့ရှိရင် အဲဒီအနီးအနားက ရေကျော်တို့၊ သဲကုန်းတို့ အဲဒီဘက်ကပဲ သူတို့က ပိုပြီးတော့ နီးတာကို။ သူတို့က ပိုပြီးတော့ ရှူရတာပေါ့။ လေတိုက်တာ လေဦးတည်ရာဘက်ဆိုရင် နံ့တာပေါ့။ အနံ့ဆိုးတွေ ထွက်တယ်။ ကိုယ်လုံးတွေ ကိုက်ခဲတယ်။ ခေါင်းတွေလေးတယ်။ အဲဒီလို ဖြစ်နေတယ်” လို့ ပြောပါတယ်။
မြိုင်ကလေးကျေးရွာမှာ ရှိတဲ့ စစ်တပ်ပိုင် တန် ၄,၀၀၀ ဘိလပ်မြေစက်ရုံက ကျောက်မီးသွေး စွမ်းအင်နဲ့ အဓိကလည်ပတ်နေတာပါ။
ထွက်ရှိလာတဲ့ အနံ့ဆိုးတွေကို ၂၀၂၂ ခုနှစ်ကတည်းက ကျွန်းတောကုန်း၊ ရေကျော်၊ ပဲကုန်း၊ ရွာလေး၊ လှာကာ၊ နတ်ကုန်း၊ ဇရပ်ဖြူ စတဲ့ အနီးအနားကျေးရွာတွေက ရှူရှိုက်ခဲ့ရပါတယ်။
ကျေးရွာရပ်မိရပ်ဖက “အခြေအနေကတော့ ပိုဆိုးဝါးသွားတာပေါ့။ ကျန်းမာရေးကတော့ အနံ့မခံနိုင်ဘူး။ မီးလောင်တာက ပိုဆိုးတာပေါ့ အနံ့။ သူက ရေမှ မဖျန်းနိုင်တာ။ လေက ဇရပ်ဖြူဘက် တိုက်ရင် ဇရပ်ဖြူဘက် နံတယ်။ နတ်ကုန်းဘက်လာရင် နတ်ကုန်းဘက် နံတယ်။ အဲဒါမျိုးပေါ့။ မပြောရဲတော့ဘူးလေ။ အခုက ဘယ်လို သွားပြောမလဲ” လို့ ပြောပါတယ်။
စစ်တပ်ပိုင် တန် ၄,၀၀၀ ဘိလပ်မြေစက်ရုံကို ၁၉၉၆ ခုနှစ်မှာ တည်ဆောက်တာဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်မှာ သဘာဝဓာတ်ငွေ့နဲ့ စတင်လည်ပတ်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာ ဒေသခံတွေရဲ့ ကန့်ကွက်မှုတွေကြားက သဘာဝဓာတ်ငွေ့ကနေ ကျောက်မီးသွေးနဲ့ လည်ပတ်ခဲ့တာပါ။
သံလွင်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကွန်ရက် တာဝန်ခံ ဦးချစ်မိုးအောင်က “ကျနော်တို့ ကမ္ဘာကြီး ပူနွေးစေတဲ့ အကြောင်းအရင်းထဲမှာ အဲဒီကျောက်မီးသွေးက တရားခံတခုအနေနဲ့ ပါတယ်။ နောက်တချက်က ဒီဒေသမှာ နေထိုင်တဲ့ လူတွေအတွက်က ဘာပြဿနာရှိလာလဲဆိုတော့ အသက်ရှူလမ်းကြောင်းပိုင်းဆိုင်ရာရောဂါ ဖြစ်ကိုဖြစ်မှာ။ ပန်းနာရင်ကျပ်တွေ ဖြစ်မယ်။ အဆုတ်ကင်ဆာတွေ ဖြစ်မယ်။ အသက်ရှူလမ်းကြောင်းနဲ့ပတ်သက်တဲ့ ရောဂါ အကုန်ဖြစ်မယ်။ ကြိမ်းသေခံစားရမှာ ပြည်သူပဲ။ ဒါတွေ သုံးရင်။ ဘာကြောင့်လဲဆိုရင် ရှင်းရှင်းလင်းလင်းပဲလေ။ ပုံတာကိုက လမ်းဘေးပုံထားတာ။ မိုးတွင်းလာတော့မယ်။ မိုးရွာချတော့မယ်။ ဒီထဲက မိုးရေနဲ့ ဒီရဲ့ သူရဲ့ ဓာတ်တွေ မြေကြီးထဲ စိမ့်မယ်။ မြေအောက်ရေတွေနဲ့ ပေါင်းမယ်။ ဒီပြဿနာတွေက အခုမှ တက်တာ မဟုတ်ဘူး။ ဟိုအရင်တည်းက တက်တာ” လို့ ပြောပါတယ်။
ဒါ့အပြင် အရပ်သားအစိုးရလက်ထက် ၂၀၁၉ ခုနှစ် အောက်တိုဘာလဆန်းပိုင်းကစပြီး တန် ၄,၀၀၀ ဘိလပ်မြေစက်ရုံက စွန့်ပစ်လိုက်တဲ့ ရေဆိုးတွေနဲ့ ကျောက်မီးသွေးပုံကတဆင့် မြေအောက်ရေစိမ့်ပြီး စက်ရုံအနီးက ကျေးရွာ ၂၀ ကျော်မှာ ရေတွင်း၊ ရေကန်၊ ချောင်းနဲ့ အင်းအိုင်တွေ ရေအရောင်ပြောင်းလဲမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
သံလွင်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကွန်ရက် တာဝန်ခံ ဦးချစ်မိုးအောင်က “ကျနော်တို့ နိုင်ငံမှာ အရင်တည်းက (ရေနံစိမ်း) FO နဲ့ သုံးတာပဲ။ ရေနံစိမ်းနဲ့ မီးထိုးတာပဲ။ ဘာဖြစ်လို့ ကျောက်မီးသွေးဘက် လှည့်ရတာလဲ။ လှည့်မယ်ဆိုရင် နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ညီတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ သုံးစွဲကြပေါ့။ အခုက ကြည့်လေ။ ပုံတယ်ဆိုတာကိုက လမ်းဘေး ပုံတယ်။ ကျောက်မီးသွေး လမ်းဘေးပုံတာ အဓိပ္ပာယ်မှ မရှိတာ။ ဒါသတ္တုတွင်းမှ မဟုတ်တာ။ ဒါတွေက နားလည်ရမယ်။ ဒါတွေက သူတို့ကိုယ်တိုင် နားလည်ရမယ်။ ဒါပေမဲ့ သူတို့အတွက်က ပြည်သူ ဘာဖြစ်ဖြစ်လေ။ ရှင်းရှင်းလေးပဲ။ သူတို့အကျိုးစီးပွားကလွဲရင် ပြည်သူ ဘာဖြစ်ဖြစ်ပဲ။ သေသေကျေကျေ သူတို့ ဂရုမစိုက်ဘူး” လို့ ပြောပါတယ်။
ဘိလပ်မြေစက်ရုံကနေ အနံ့ဆိုးထွက်ရှိတာနဲ့ ပတ်သက်ပြီး DVB က ဆက်သွယ်မေးမြန်းခဲ့ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေ စက်ရုံလာပြီးတော့ စက်ရုံတာဝန်ရှိတဲ့ အဖွဲ့တွေနဲ့ ဆောင်ရွက်နေတယ်လို့ စက်ရုံတာဝန်ရှိသူက ပြန်လည်ဖြေကြားပါတယ်။
တန် ၄,၀၀၀ နဲ့ တန် ၉၀၀ ဘိလပ်မြေစက်ရုံ ၂ ရုံ စတင်တည်ဆောက်တည်းက ဒေသခံပြည်သူတွေရဲ့ ဘိုးဘွားပိုင်လယ်ယာ၊ ဥယျာဉ်ခြံမြေတွေနဲ့ နေအိမ်တွေကို မတရားသိမ်းယူ ဖယ်ရှားခဲ့တဲ့အပြင် ကန့်ကွက်ခဲ့တဲ့သူတွေကို တရားစွဲဆိုခဲ့တဲ့အတွက် ဘားအံအကျဉ်းထောင်မှာ ဒေသခံတွေ ပြစ်ဒဏ်ကျခံခဲ့ရပါတယ်။
အောင်ခန့်




