
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းက ရေလယ်ကျွန်းရွာ၊ မင်းကုန်းရွာနဲ့ စိန်ကုန်းရွာကို စစ်တပ်က ဇန်နဝါရီ ၂၂ ရက် မနက်က စတင်ပြီး ဂျိုင်ရိုကော်ပတာတွေနဲ့ အကြိမ်ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ကနီဒေသခံတွေထံကနေ သိရပါတယ်။
ကနီဒေသခံတယောက်က “မနက်ခင်း ၆ နာရီကျော် ၇ နာရီနီးပါးအချိန်ကစပြီး ရေလယ်ကျွန်း ပျူရွာအနီးက ပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေ နေထိုင်ရာ နေရာတွေကို ဦးတည်ပြီး လေကြောင်းပစ်ခတ်မှု ပြုလုပ်တယ်ဗျ။ အဲမှာတော့ အထိအခိုက် မသိရသေးဘူး။ ညနေ ၃ နာရီ ၅၁ မိနစ်မှာ ဗုံးကြဲပစ်ခတ်သွားတာကတော့ မင်းကုန်းရွာကတော့ အသက် ၇၁ နှစ်ခန့်အရွယ် အဘိုးအိုတဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ပြည်သူ့နေအိမ် ၃ လုံး ပျက်စီးခဲ့တယ်ဗျ။ ကျနော်တို့ ညန ၆ နာရီ ၃၈ နဲ့ ၆ နာရီ ၃၉ မိနစ်မှာတော့ စိန်ကုန်းရွာကို ဗုံးကြဲချသွားတာ အသက် ၃၇ နှစ်ခန့်အရွယ် အမျိုးသမီးတဦး သေဆုံးခဲ့ရပြီး အသက် ၇၈ နှစ်ခန့်အရွယ် အဘွားအိုတဦးလည်း ဒဏ်ရာရရှိခဲ့တယ်” လို့ ပြောပါတယ်။
ကနီမြို့မှာ ဇန်နဝါရီ ၂၅ ရက်နေ့ စစ်တပ်က ရွေးကောက်ပွဲ အပိုင်း ၃ ကျင်းပဖို့ ပြင်ဆင်နေပြီး တဖက်မှာလည်း ပြည်သူတွေကို လေကြောင်းကနေ ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့လည်း သိရပါတယ်။
အဆိုပါ ဂျိုင်ရိုကော်ပတာတွေဟာ နမခစစ်တပ်အတွင်းကနေ ကနီမြို့နယ်အတွင်းက ကျေးရွာ ၃ ရွာကို ဗုံးကြဲပစ်ခတ် တိုက်ခိုက်သွားတာလည်း ဖြစ်ပါတယ်။
ကနီမြို့နယ် စစ်ရေးသတင်းရင်းမြစ်တယောက်က “အခု စစ်တပ်က လေကြောင်းတိုက်ခိုက်သွားတဲ့ နေရာတွေမှာ ဘာစစ်ပွဲမှမရှိဘူး။ အကြောင်းမဲ့သက်သက်ကို ဗုံးကြဲ၊ ပစ်ခတ်မှုတွေ လုပ်သွားတာ” လို့ ပြောပါတယ်။
ကနီမြို့နယ်အတွင်းကို စစ်တပ်က ဇန်နဝါရီ ၁၅ ရက်နဲ့ ၂၀ ရက်တွေကလည်း ရှမ်းမြောင်းရွာ ဘုန်းတော်ကြီးကျောင်းနဲ့ ပြည်သူ့နေအိမ်တွေကို လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်တာတွေလည်း ပြုလုပ်သွားသေးတယ်လို့ သိရပါတယ်။


