
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မူရွန်းကျေးရွာရှိ စစ်ဘေးရှောင်တွေ နေထိုင်ကြတဲ့ စာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ဘေးရှောင် ၂ ယောက် သေဆုံးခဲ့ပြီး ကလေးငယ်တွေ အပါအဝင် စစ်ရှောင် ၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇန်နဝါရီ ၂၄ ရက် မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်ကျော်မှာ စစ်တပ်က မူရွန်းကျေးရွာ စာသင်ကျောင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး သက်ကြီးပိုင်း စစ်ဘေးရှောင် ၂ ယောက် သေဆုံးခဲ့သလို နောက်ထပ် ၉ လအရွယ် ကလေးငယ်တယောက် အပါအဝင် စစ်ဘေးရှောင် ၅ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ကျောက်ဖြူဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“နေ့လယ် ၁ နာရီဝန်းကျင်မှာ စစ်ကောင်စီက အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ စစ်ဘေးရှောင်တွေနေတဲ့ စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်။ တိုက်ခိုက်ခံရပြီး နေရာမှာတင် အဘွားတဦးနဲ့ အမျိုးသားတဦး ထိခိုက်သေဆုံးခဲ့တာရှိတယ်။ နောက်ထပ်လည်း ၉ လအရွယ် ကလေးငယ်တဦးနဲ့ စစ်ရှောင် ၄ ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့တာရှိတယ်။ ကျောက်ဖြူရဲ့ အခြေအနေကတော့ လေကြောင်းအန္တရာယ်က အတော်လေးကို စိုးရိမ်ဖို့ကောင်းလာပြီ။ နေ့တိုင်းလိုလို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကို ခံလာကြရတယ်။”
စစ်ကောင်စီရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူတွေမှာ သိုင်းချောင်းရွာက စစ်ဘေးရှောင်နေကြတဲ့ ဒေါ်ဖြူနုမ (၈၁ နှစ်) နဲ့ ဦးမှဲ့ဒေါင်း (၅၆ နှစ်) တို့ဖြစ်ပြီး ဒဏ်ရာရရှိသွားသူတွေမှာ စိုင်ခြုံဒွိန်ရွာက မောင်အေးမင်းခိုင် (၉ လ)၊ ဒေါ်ခင်ဆန်းဝင်း (၃၄ နှစ်)၊ သိုင်းချောင်းရွာက ဒေါ်မမြရင် (၅၆ နှစ်)၊ ဇိုင်ချောင်းရွာက ဒေါ်ဘုနုမ (၆၇ နှစ်) နဲ့ ဦးမောင်ကျော် (၆၃ နှစ်) တို့ ဖြစ်ကြပါတယ်။
ဇန်နဝါရီ ၂၂ ရက်ကလည်း ဇင်ချောင်းကုန်ဘွေကျေးရွာအနီးကို စစ်ကောင်စီက အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံ ၂ ယောက် ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပါတယ်။
ဒါ့အပြင် ဇန်နဝါရီ ၁၈ ရက်ကလည်း ကျောက်ကလေကျေးရွာကို စစ်ကောင်စီက လေကြောင်း၊ ဒရုန်းတို့နဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ဘေးရှောင် ၃ ယောက် သေဆုံးခဲ့ပါတယ်။
ကျောက်ဖြူမြို့နယ်မှာ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က အထိနာနေတာကြောင့် လေကြောင်းတိုက်ခိုက်မှုတွေကို ပိုမိုတိုးမြှင့် လုပ်လာတာဖြစ်တယ်လို့ ကျောက်ဖြူဒေသခံတွေက ပြောပါတယ်။
လက်ရှိ ကျောက်ဖြူမြို့နယ်မှာ အာရက္ခတပ်တော်က ဓညဝတီ ရေတပ်ဌာနချုပ်အနီးမှာ တိုက်ပွဲတွေ ဖော်ဆောင်နေပြီး စစ်ကောင်စီကလည်း သိုင်းချောင်းပတ်ဝန်ကျင်ကို တန်ပြန်ထိုးစစ်တွေ ဆင်နေတာလည်း ဖြစ်ပါတယ်။


