
မကွေးတိုင်း၊ မင်းဘူးခရိုင် မင်းတုန်းမြို့နယ်၊ ဝက်ကောက်ကျေးရွာကို စစ်ကောင်စီ စစ်ကြောင်းက ဇန်နဝါရီ ၂၄ ရက် မနက် ၇ နာရီကျော်လောက်မှာ အင်အား ၁၀၀ ဝန်းကျင်နဲ့ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။
ဝက်ကောက်ကျေးရွာသားတယောက်က “မနက်ကတည်းက မီးရှို့လိုက်တာပါ၊ ရွာတရွာလုံး မီးလောင်ပြာကျသွားပြီ”လို့ ပြောပါတယ်။
မင်းတုန်းမြို့နယ်၊ ဝက်ကော်ကျေးရွာဟာ အနောက်ရိုးမ တောင်ခြေရင်းမှာ တည်ရှိပြီး အိမ်ခြေ ၆၀ လောက်ပဲရှိတဲ့ ချင်းလူမျိုးတွေ နေထိုင်တဲ့ ကျေးရွာတရွာ ဖြစ်ပါတယ်။
ဇန်နဝါရီ ၂၃ ရက်က စစ်တပ်က ပြောင်းရွာ ကုန်သွယ်ရေးဂိတ်ကို မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ဝက်ကော်ရွာကို စစ်ကြောင်းထိုးလာလို့ ရွာသားတွေက ကြောက်လန့်ပြီး ထွက်ပြေးနေချိန် အိမ်မှာရှိတဲ့ တန်ဖိုးရှိ ပစ္စည်းတွေကို ခိုးယူကာ ရွာကို မီးရှို့ဖျက်ဆီးလိုက်တာလို့ ဒေသခံက ပြောပါတယ်။
“သူတို့စစ်ကြောင်း လာကတည်းက ရွာကလူတွေ ကြောက်လို့ ထွက်ပြေးနေကြပါပြီ။ နေအိမ်က ပစ္စည်းတွေ အကုန်ယူတယ်၊ ပြီးတော့ ရွာကိုမီးရှို့တယ်။”
စစ်ကောင်စီစစ်ကြောင်းက လက်နက်ကြီးပစ်ခတ်မှု၊ လက်နက်ငယ်ပစ်ခတ်မှု၊ တွေ့တဲ့လူတွေကို ဖမ်းဆီးထားမှုကြောင့် ပတ်ဝန်းကျင် အနီးအနားကျေးရွာက ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်နေတယ်လို့ သိရပါတယ်။


