
လက်ရှိ ကျင်းပနေတဲ့ ရွေးကောက်ပွဲကနေ ပြည်သူတွေရဲ့ ရွေးချယ်မှု၊ ဆုံးဖြတ်ချက်တွေအတိုင်း ဆက်သွားရမှာဖြစ်တယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောပါတယ်။
ဇန်နဝါရီ ၂၅ ရက်က ရွေးကောက်ပွဲအပိုင်း ၃ ကျင်းပတဲ့ မန္တလေးမြို့ရှိ မဲရုံတွေကို လိုက်လံကြည့်ရှုရင်း မီဒီယာတွေရဲ့ မေးမြန်းချက်ကို ပြန်လည်ဖြေဆိုရာမှာ စစ်ခေါင်းဆောင်က ထည့်သွင်း ပြောကြားခဲ့တာပါ။
“ပြည်သူက ရွေးချယ်တဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို သွားဖို့ရည်ရွယ်ပြီးလုပ်ခဲ့တာ။ ဒီတိုင်းပဲ သွားရမှာ၊ ပြည်သူ ရွေးချယ်တဲ့လမ်းပဲ၊ ကျနော်တို့ ရွေးတာ မဟုတ်ဘူး။ ပြည်သူက ရွေးခဲ့တာ။ ကျနော်တို့လည်း ပြည်သူထဲက အစိတ်အပိုင်းပဲ၊ ကျနော်တို့လည်း ဒီဟာ ထောက်ခံတယ်။”
ပြည်သူ ရွေးချယ်တာ လက်ခံတယ်လို့ စစ်ခေါင်းဆောင်က ပြောနေပေမဲ့ မြန်မာ ပြည်သူအများစုရဲ့ ဆန္ဒမဲပေး ရွေးချယ်မှုနဲ့ ရွေးကောက်တင်မြှောက်ခံရတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သား အစိုးရဆီကနေ အာဏာသိမ်းယူခဲ့တာ ဖြစ်ပါတယ်။
စစ်ခေါင်းဆောင်အနေနဲ့ ရွေးကောက်ပွဲ အပိုင်း ၃ ကျင်းပတဲ့ ဇန်နဝါရီ ၂၅ ရက်မှာ မန္တလေးမြို့ကို ရောက်ရှိနေပြီး မန္တလေးမြို့အတွင်းက မဲရုံတွေကို လိုက်လံကြည့်ရှုနေတာလည်း ဖြစ်ပါတယ်။
ရွေးကောက်ပွဲ အပိုင်း-၃ ကို မြို့နယ် ၆၃ မြို့နယ်မှာ ကျင်းပနေတာဖြစ်ပြီး ရန်ကုန်က ၁၇ မြို့နယ်၊ မန္တလေးက ၈ မြို့နယ်၊ ကချင် ၅ မြို့နယ်၊ ကရင် ၂ မြို့နယ်၊ စစ်ကိုင်း ၂ မြို့နယ်၊ တနင်္သာရီ ၃ မြို့နယ်၊ ပဲခူး ၈ မြို့နယ်၊ ရှမ်း ၉ မြို့နယ်နဲ့ ဧရာဝတီတိုင်း ၉ မြို့နယ်တို့မှာ ပြုလုပ်ခဲ့ပါတယ်။


