
ရေကြည်မြို့နယ်မှာ အောင်ဆန်းရပ်ကွက်၊ ဘုရားကြီးကုန် အခြေခံပညာမူလတန်းကျောင်း မဲရုံ အမှတ် ၁ အပါအဝင် မဲရုံတွေမှာ မဲပေးရတဲ့ ဇန်နဝါရီ ၂၅ ရက်အထိ မဲဆွယ်တာနဲ့ ဖိအားပေး မဲထည့်ခိုင်းတာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေကြည်မြို့နယ် ဒေသခံတယောက်က “မဲမပေးရင် နိုင်ငံတော်ကို ဆန့်ကျင်တာပေါ့။ မဖြစ်မနေ မဲထည့်ခိုင်းတာ။ မဲပေးရတဲ့နေ့ ၂၅ ရက်မှာ မဖြစ်မနေ မဲထည့်ခိုင်းရမယ်ဆိုပြီး အုပ်ချုပ်ရေးမှူးတွေက အိမ်လိုက်ခေါ်တာ” လို့ ပြောပါတယ်။
အပိုင်း ၃ ရွေးကောက်ပွဲမှာပါဝင်တဲ့ ရေကြည်မြို့နယ်မှာ ရပ်ကွက်နဲ့ ကျေးရွာအုပ်စုစုပေါင်း ၉၉ ခုရှိပြီး မဲရုံပေါင်း ၁၁၀ ရုံအထိ ဖွင့်လှစ်ထားရှိကာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ၁၂၅,၁၂၁ ယောက်အထိ ရှိတယ်လို့ သိရပါတယ်။
“အခုတကြိမ်အပါအဝင် မဲသုံးကြိမ်အထိပေးခဲ့ပြီးပါပြီ။ အခု စစ်ကော်မရှင်ကလုပ်တဲ့ ရွေးကောက်ပွဲမှာတော့ အနုကြမ်းစီးခံရသလိုကို မဲထည့်ခိုင်းတာ။ တိုင်းဝန်ကြီးချုပ် ယှဉ် ပြိုင်တဲ့ပါတီကို မဲထည့်ဖို့ပြောတာ” လို့ ပြောပါတယ်။
ရေကြည်မြို့နယ်မှာ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ ၇ ခု နဲ့ တသီးပုဂ္ဂလကိုယ်စားလှယ်တယောက် ဝင်ရောက်ယှဉ်ပြိုင်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၆ ယောက်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၅ ယောက်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၅ ယောက်၊ ကရင်တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ် ၄ ယောက် နဲ့ ရခိုင်တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ် ၅ ယောက် ဝင်ရောက်ယှဉ်ပြိုင်ကြတယ်လို့ သိရပါတယ်။
Photos - CJ


