
အာဏာသိမ်းစစ်တပ်က ဇန်နဝါရီ ၂၅ ရက်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ အပိုင်း ၃ မှာ ရန်ကုန်၊ လမ်းမတော်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး ရှုံးနိမ့်သွားပါတယ်။
လမ်းမတော်မြို့နယ်၊ အမှတ် ၂ ရပ်ကွက်၊ မဲရုံအမှတ် ၂ ရဲ့ မဲရေတွက်မှုရလဒ်အရ ဦးကိုကိုကြီးက ၁၆၅ မဲ ပဲ ရရှိခဲ့ပါတယ်။
ပြည်သူ့ပါတီ တာဝန်ရှိသူတယောက်က “ဥက္ကဋ္ဌကြီးကတော့ မဲရေတွက်တာကို မကြည့်တော့ဘူး။ မဲပေးတဲ့သူက နည်းတယ်။ မြောက်ဥက္ကလာနဲ့ မင်္ဂလာတောင်ညွန့်မှာပဲ လူနည်းနည်းများတယ်။ ကျန်တဲ့မြို့နယ်တွေက ၃၀ ရာခိုင်နှုန်းအောက် ရောက်တယ်” လို့ ပြောပါတယ်။
လမ်းမတော်မြို့နယ်၊ အမှတ် ၂ ရပ်ကွက်မှာ မဲရုံ ၂ ရုံနဲ့ မဲပေးပိုင်ခွင့်ရှိသူ ၂,၆၈၄ ယောက်ရှိပြီး လမ်းမတော်မြို့နယ်မှာတော့ မဲရုံပေါင်း ၂၂ ရုံ ရှိတယ်လို့ သိရပါတယ်။
သာကေတ၊ တာမွေ၊ ဒဂုံဆိပ်ကမ်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)၊ လမ်းမတော်၊ စမ်းချောင်း၊ မြောက်ဥက္ကလာ၊ ခရမ်း၊ သုံးခွ၊ လှိုင်သာယာ (အရှေ့ပိုင်း)၊ လှိုင်သာယာ (အနောက်ပိုင်း)၊ ဆိပ်ကြီး/ခနောင်တို၊ ရန်ကင်း၊ ကျောက်တန်း၊ မင်္ဂလာတောင်ညွန့်၊ ဒဂုံမြို့နယ်တို့မှာ ရွေးကောက်ပွဲ အပိုင်း ၃ ကို လုပ်ခဲ့ဖြစ်ပါတယ်။


