
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ပေါက်ကန်ကျေးရွာ ကားလမ်းဆုံကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၂၇ ရက် မနက် ၉ နာရီမှာ ဒရုန်းယာဉ်နဲ့ ဗုံးသီးကြဲချ တိုက်ခိုက်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ရှိန်းမကားရွာမှာ အထိုင်ချ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်က အဆိုပါ ဒရုန်းယာဉ် လွှတ်တင်ပြီး တိုက်ခိုက်သွားတာလို့လည်း သိရပါတယ်။
ဒေသခံ ရွာသားတယောက်က “ဗုံးသီးက ၂ လုံး ကြဲချတာ။ တလုံးက ခရီးသွားကားပေါ် တည့်တည့်ကျပြီး ခရီးသွားပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာတွေ ရသွားတယ်။ ဒဏ်ရာရသူက အမျိုးသားတဦးနဲ့ အမျိုးသမီးတဦးပါဗျ။ အမျိုးသားကတော့ ဦးခေါင်းထိပြီး ဒဏ်ရာက နည်းနည်းစိုးရိမ်ရတယ်” လို့ ပြောပါတယ်။
ပေါင်ကန်ကျေးရွာ ကားလမ်းဆုံဟာ မန္တလေး-ရွှေဘို လမ်းပေါ်မှာ တည်ရှိပြီး မီးရထားဘူတာလည်း ရှိတယ်လို့ သိရပါတယ်။
ဝက်လက်နယ်အရှေ့ခြမ်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင် ကိုကျားကြီးက “လူစည်ကားရာ နေရာတွေကို လိုက်ကြဲချနေတာ။ ထိခိုက်တဲ့သူတွေက ခရီးသွားတွေပါ။ လမ်းဆုံမှာ ကားရပ်နားထားတာကို ဘလိုင်းကြီး ကြဲချသွားတာ။ ဒေသခံ ပြည်သူတွေနဲ့ ခရီးသွားပြည်သူတွေ စိတ်မှာ လုံခြုံမှုမရှိဘူးဆိုတဲ့ စိတ်ဒဏ်ရာဖြစ်အောင်ကို စခ တွေက ဗျူဟာအရ လုပ်နေတယ်လို့ပဲ ထင်ပါတယ်” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ ဒရုန်းရန် အန္တရာယ်ကြောင့် ခရီးသွားကားတွေ ဘေးလွတ်ရာနေရာကို အရေးပေါ် ရွှေ့ပြောင်းနေကြရတယ်လို့လည်း သိရပါတယ်။


