
ကျနော်က မြို့မှာမွေး၊ မြို့မှာပဲ ကြီးပြင်းလာခဲ့ရသူပါ။ မှတ်မှတ်ရရပြောရရင် ကျေးလက်က ရွာတရွာကို ညအိပ်ညနေ သွားဖူးတာဆိုလို့ အသက် ၂၀ ကျော်မှပါ။ ဒါတောင်မှ ဝေးလံခေါင်သီတဲ့ ကျေးလက် မဟုတ်ပါဘူး။ မြို့နဲ့နီးတဲ့ ကျေးလက်ကို ပြောတာပါ။ ဒီကြားထဲ လေ့လာမှုကလည်း နုံချာတော့ ကျေးလက်ဒေသအကြောင်း စိတ်ဝင်စားမှု နည်းခဲ့တယ်။
အသက် ၂၁ နှစ်ကျတော့ ပဲခူးချောင်းဖျား ထန်းတောကြီး ဆိုတဲ့ရွာကို မူလတန်းပြဆရာအဖြစ် သွားရပါတယ်။ အံ့သြဖို့ကောင်းတာက အဲဒီအခါကျပြန်တော့ ကျနော်က ကျေးလက်မှ ကျေးလက် ဖြစ်ခဲ့ရတယ်။ ကျေးလက်ခရေဇီ ဖြစ်လာပြန်တာပေါ့ဗျာ။ ဒီအခါကျပြန်တော့လည်း ကျေးလက်ကို အင်မတန်သာယာတဲ့၊ ဖြူစင်ရိုးသားသူတွေသာ နေထိုင်တဲ့ ဒေသရပ်ဝန်းဖြစ်တယ် ဆိုတာလောက်ပဲ ခံစားမှုက ကဲ့ယူလို့ရခဲ့တာ။ ကျနော့် အာရုံခံစားမှု ယက်သဲ့ထဲမှာ ကျေးလက်ဒေသက တကယ့် လူမှုဘဝတွေကို ယက်သဲ့ထဲပါအောင် ကဲ့မယူနိုင်ပြန်ဘူးဗျ။
တကယ်တော့ ယမ်းငွေ့တွေ၊ ကူပါ ကယ်ပါ တစာစာအော်သံတွေ၊ မီးလောင်နေတဲ့ နှလုံးသားတွေဟာ မြန်မာ့ကျေးလက်ရဲ့ တကယ့်လက်တွေ့ပါတိတ် အဆင်တွေပဲဗျ။ ဥပမာ- ကျနော်တို့နိုင်ငံမှာ ပြည်တွင်းစစ် ဖြစ်နေတာ ကျနော့်အဖို့တော့ ပုံပြင်တခုလိုပဲ ထင်ခဲ့တာ။ ကျနော့်နားထဲ ကျနော်ငယ်ငယ်က ကြားခဲ့ရတဲ့ ကျနော် နေဖူးတဲ့ စလင်းမြို့လေး သူပုန်တွေ ဝင်စီးလို့ ကြားရတဲ့ သေနတ်သံတွေကို ပြန်ပြီးမကြားနိုင်ခဲ့ဘူးဗျ။ အဲဒီသေနတ်သံတွေ အခုထက်ထိ အသံမစဲနိုင်တာ ကျနော် မသိခဲ့ဘူး။ ဒါပေမဲ့ ကျနော့်ကို စာအုပ်တွေ ပေးဖတ်၊ စကားတွေ အများကြီးပြောပြီး ကျနော် စာပေသမားဖြစ်လာဖို့ ကူညီကြတဲ့ နောင်တော့်နောင်တော်များရဲ့ အကူအညီနဲ့ စာအုပ်တွေထဲက သေနတ်သံတွေကိုတော့ ခပ်ဝေးဝေးက ကျနော် ကြားစပြုပြီ ဆိုပါတော့။
၁၉၉၂ ခုနှစ်ထဲမှာ ကျနော် ကရင့်တော်လှန်ရေးဌာနချုပ် မာနယ်ပလောကို ရောက်ပါတယ်။ ကျနော့် အသက် ၄၀ ပေါ့။ ဒါနဲ့ပဲ ကျနော့်သဘောနဲ့ကျနော် ရှေ့တန်းကို ခဏခဏ ခရီးထွက်ခဲ့တယ်။ ကျနော် တော်တော်လေးကို တုန်လှုပ်ခဲ့ရတယ်။ ကရင်ပြည်နယ်တခုလုံး သွေးချောင်းစီးနေတာပဲ။ ပြည်တွင်းစစ် ဆိုတာကြီးကို ကျနော် ကောင်းကောင်းတွေ့ရတော့တာပဲ။
လွတ်လပ်ရေးရပြီးနောက်ပိုင်း ကိုယ့်အမျိုးသားအချင်းချင်း သတ်ကြ ဖြတ်ကြရလို့ လူတွေ ဘယ်လောက် သေခဲ့ပြီဆိုတာ ခန့်မှန်းပြီးပြောဖို့တောင် ခက်ပါတယ်။
ကျနော် စစ်ကို မုန်းတယ်။ စစ်ကို ကြောက်လည်း ကြောက်တယ်။ ကျနော်ကိုယ်တိုင်က စစ်ရဲ့သားကောင် ဖြစ်နေတာကို ဘွားခနဲ သွားတွေ့လိုက်ရတော့ အရမ်းဝမ်းနည်းခဲ့ရတယ်။ ဒီတော့ စာတွေ ရေးမိပြီပေါ့။
“ဒုံသမိချောင်းပေါ်က ကြယ်နီ”၊ “ဒုံသမိချောင်းကမ်း ငရဲခန်းများ” အခန်းဆက်ဆောင်းပါးတွေ။ ဒီတုန်းက ကျနော်က ဒီမိုကရက်တစ်မြန်မာ့အသံ ကွင်းဆင်းသတင်းထောက်။ ဒီဆောင်းပါးတွေကို အပတ်စဉ် ကျနော် အသံလွှင့်ခဲ့ပါတယ်။
နောက်တော့ စစ်ဆန့်ကျင်ရေးကဗျာတွေ စုတော့တာပါပဲ။ မြန်မာပြည်မှာက အုပ်စိုးသူ အဆက်ဆက်က စစ်ကို ဖန်တီးကြသူတွေ၊ စစ်ဆန့်ကျင်ရေး ဆိုတဲ့ စကားကို နည်းနည်းလေးမှ မကြားချင်တဲ့သူတွေဆိုတော့ ဘယ်မှာလာပြီး စစ်ဆန့်ကျင်ရေးကဗျာတွေ အလွယ်တကူ ရှာလို့ ရနိုင်ပါ့မလဲ။ မလိမ့်တပတ်လုပ်ပြီး စာပေကင်ပေတိုင်ရှေ့က ခြေသံဖျောက်ပြီး လျှောက်လာနိုင်တဲ့ စစ်ဆန့်ကျင်ရေးကဗျာ ဆိုတာကလည်း ရှားမှ ရှား။ ဒီတော့ နိုင်ငံရပ်ခြား စစ်ဆန့်ကျင်ရေးကဗျာတွေ လိုက်ရှာရပြန်တာပေါ့။
ကဲ အချီးတွေ၊ နိဒါန်းတွေ တော်တော်ပြောလိုက်မိတယ်။ ခွင့်လွှတ်ကြပါဗျာ။ အခု နိုင်ငံရပ်ခြား စစ်ဆန့်ကျင်ရေးကဗျာတပုဒ် ဖော်ပြပေးလိုက်ပါတယ်။ ချက်ကဗျာဆရာ “မီရောဆလပ် ဟောလုဗ်” ရဲ့ ကဗျာပါ။ “မောင်သစ်မင်း” ဘာသာပြန်ထားတာပါ။ စာဖတ်သူများ စိတ်ကျေနပ်ကောင်းပါရဲ့။
ဗုံးကြဲပြီးနောက် ငါးမိနစ်
ပီလ်ဆင်မြို့မှာ
နှစ်ဆယ့်ခြောက် ဘူတာရုံလမ်း
တအိမ်လုံးမှာ
ကျန်ခဲ့သမျှ ဒါပဲဖြစ်တဲ့ လှေကားအတိုင်း
တတိယထပ်ကို တက်သွား
သူ့အခန်တံခါးကို ဖွင့်လိုက်တော့
လုံးဝ မိုးကောင်းကင်ကြီးကိုသာ
လှေကားစွန်းမှ ငေးရပ်နေမိ။
ဒီနေရာဟာဖြင့်
ကမ္ဘာလောကကြီး ဆုံးတဲ့အရပ်ပဲ
ဒါနဲ့
သူ့တံခါးသူ သေချာ ပြန်ပိတ်လိုက်တယ်
သူ့မီးဖိုချောင်ဆီက
ဆီရီယပ်*
ဒါမှမဟုတ် အဲဒီဘာရန်ကို
တယောက်ယောက် ခိုးယူမှာစိုးလို့
အောက်ကို ပြန်ဆင်းခဲ့တယ်
ပြီးတော့ သူ ထိုင်ချလိုက်ကာ
စောင့်ဆိုင်းနေလေရဲ့
အိမ်ကြီး ပြန်ထလာဖို့
သူ့ယောက်ျား ပြာပုံထဲက ပြန်ထလာဖို့
သူ့ကလေးတွေရဲ့ ခြေ လက်တွေ နေရာတကျ ပြန်တပ်မိဖို့။
မနက်ကျတော့
သူ့ကို လူတွေ တွေ့ကြရတယ်
ကျောက်တုံးလို ငြိမ်သက်လို့
စာကလေးတွေက သူ့လက်ကို ဆိတ်လို့။ ။
*ဆီရီယပ် - သင်္ဘောပဲ့တာရာ
*အယ်ဒီဘာရန် - ရောဟနီတာရာ
(မောင်သစ်မင်း ဘာသာပြန်ဆိုထားတာပါ။)
ကိုးကား။ ။မောင်သစ်မင်း ရဲ့ ‘သုံးယောက်ကောင်းကင်‛ ကဗျာစာအုပ်မှ


