
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်၊ သာစည်လမ်းမပေါ်မှာ မောင်းနှင်လာတဲ့ အိမ်စီးကားတစီးကို စစ်တပ်က လိုက်လံပစ်ခတ်ခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေထံကနေ သိရပါတယ်။
စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၃ ရက် မနက် ၉ နာရီလောက်မှာ သာစည်လမ်းမပေါ်က မဟာဝံသ ဘုန်းတော်ကြီးကျောင်းနဲ့ ပညာရေးတက္ကသိုလ် (TTC) ကျောင်းကြားမှာ ပစ်ခတ်သွားတာလို့လည်း သိရပါတယ်။
မျက်မြင်တွေ့သူတယောက်က “ကျနော်တို့က သာစည်လမ်းဘေး လက်ဖက်ရည်ဆိုင်တဆိုင်မှာ လက်ဖက်ရည် သောက်နေတဲ့အချိန် ရုတ်တရက် သေနတ်ပစ်သံတွေ ကြားလိုက်တာ။ လမ်းဘက်ကို ကြည့်လိုက်တဲ့အချိန် အဖြူရောင် အိမ်စီးကားတစီး အပြေးမောင်းလာတာ မြင်လိုက်ရတယ်။ ကားရဲ့ဘယ်ဘက် ရှေ့ဘီးပေါက်ပြီး တာယာမပါဘဲ သာစည်ဈေးဘက်ကို မောင်းသွားတယ်။ အဲဒီကားရဲ့ နောက်ကနေ စစ်ကား ၄ စီးနဲ့ ပစ်ခတ်တာ မြင်လိုက်တယ်။ ကျနော်တို့ မြင်တဲ့အချိန်မှာတော့ သေဆုံးတာတွေ မရှိသေးဘူး” လို့ ပြောပါတယ်။
ပစ်ခတ်ခံရတဲ့ကားဟာ ပုံမှန် သာမန်အရပ်သားကားလား၊ တော်လှန်ရေးအင်အားစုဘက်က ကားလား ဆိုတာကိုတော့ DVB အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
မြို့ခံပြည်သူတယောက်က “ကျနော်တို့အမြင်ကတော့ PDF အဖွဲ့ ကလေးတွေ မြို့ထဲဝင်ပြီး စခတွေကို ဝင်ပစ်တာထင်တယ်။ အဲလိုဝင်ပစ်တာကို စစ်တပ်ရဲ့ ပတ်ကင်းကားနဲ့ ထိပ်တိုက်တိုးပြီး အပြန်အလှန် ပစ်ခတ် တိုက်ပွဲဖြစ်ကြတာ။ ကားက ရွှေတော်ဝင်ဆေးရုံအနီး သာစည်မီးပွိုင့်မှာ မိသွားတာလို့ ကြားရတယ်။ သေဆုံးသူ ၂ ဦးလို့တော့ ကြားတယ်။ အတိအကျတော့ မသိဘူး။ အရှင်ဖမ်းမိသူတွေလည်း ရှိတယ်လို့တော့ သတင်းရတယ်” လို့ ပြောပါတယ်။
အခု စစ်တပ်ရဲ့ ပစ်ခတ်ဖမ်းဆီးခံရတဲ့သူတွေဟာ ဘယ်တော်လှန်ရေးအဖွဲ့ကဖြစ်တယ် ဆိုတာကိုတော့ တော်လှန်ရေးဘက်က သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
စစ်ကောင်စီတပ်က သာစည်လမ်း၊ ကျောက္ကာလမ်း၊ စက်မှုဇုန်မြို့ပတ်လမ်း၊ ချင်းတွင်းမြစ်ကမ်း ဘေးလမ်း၊ ရေကူးကန်လမ်းနဲ့ တိုင်းရင်းဆေးရုံလမ်း စတဲ့လမ်းတွေနဲ့ လူစည်ကားရာ လမ်းဆုံလမ်းခွတွေမှာ ဖမ်းဆီးစစ်ဆေးတာတွေ ပြုလုပ်သလို အဆိုပါ လူစည်ကားရာ လမ်းဆုံတွေမှာ စစ်တပ်သတင်းပေး အင်ဖော်မာ ချထားကာ မြို့တွင်း မီးပွိုင့်တွေမှာလည်း CCTV တွေ တပ်ဆင်ထားတယ်လို့ သိရပါတယ်။


