
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ တိုက်ပွဲကြောင့် စစ်ရှောင်နေရတဲ့ ဒေသခံတွေကို စစ်ကောင်စီလေတပ်က ဖေဖော်ဝါရီ ၂ ရက်မှာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ စစ်ရှောင် အမျိုးသားတယောက် သေဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံအမျိုးသား တယောက်က ပြောပါတယ်။
ဖေဖော်ဝါရီ ၂ ရက်၊ ညနေ ၅ နာရီလောက်မှာ စစ်ကောင်စီလေတပ်က စက်တပ်လေထီး ပါရာမော်တာ တစီးနဲ့ မော်ကြီးရွာကို ဗုံး ၅ လုံးကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် နေရာမှာပင် ပွဲချင်းပြီး ထိခိုက်သေဆုံးသွားတယ်လို့ ဒေသခံက ပြောပါတယ်။
“ညနေဘက်လာပြီး စစ်ရှောင်တွေ နေတဲ့ရွာကို တမင်လာပြီး ဗုံးချတယ်၊ သေသွားတဲ့လူက အသက်ကြီးတော့ ပြေးရတာမလွယ်ဘူး။”
သေဆုံးသွားသူဟာ င/ပုချွိန်ရွာကနေ မော်ကြီးရွာကို စစ်ဘေးရှောင် ရောက်ရှိနေတဲ့ အသက် ၈၅ နှစ်အရွယ် ဦးခိုင်အောင် ဖြစ်ပါတယ်။ ဒဏ်ရာရသွားတဲ့ အမျိုးသား ၂ ယောက်ကတော့ မော်ကြီးရွာမှ အသက် ၆၀ အရွယ် ဦးခင်မောင်ချေနဲ့ အသက် ၆၅ နှစ်အရွယ် ဦးသိန်းကျော်နုတို့ ဖြစ်ပါတယ်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မော်ကြီးရွာမှ ဦးမောင်စိုးလွင်နဲ့ ဦးစိုးဝင်းထွန်း နေအိမ်တွေလည်း ဗုံးစကျကာ မီးလောင်ပြာကျသွားတယ်လို့ ဒေသခံက ပြောပါတယ်။
ဇန်နဝါရီ ၃၀ ရက်၊ ညနေ ၅ နာရီလောက်မှာလည်း စစ်ကောင်စီရေတပ်က လက်နက်ကြီးနဲ့ လှမ်းပစ်မှုကြောင့် ကျောက်ဖြူ၊ ဇင်ချောင်းကုန်ဘွယ်ရွာမှ အသက် ၄၅ နှစ်အရွယ် ဦးမောင်ဖြူစိုး (ခ) ခင်မောင်ထွေး သေဆုံးခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။
အလားတူ ဇန်နဝါရီ ၂၄ ရက်ကလည်း ကျောက်ဖြူမြို့နယ်၊ မူရွင်းရွာရှိ စစ်ဘေးရှောင်ခိုလှုံနေတဲ့ စာသင်ကျောင်းကို စစ်ကောင်စီက ဒရုန်းတစီးနဲ့ ဗုံးချတိုက်ခိုက်ခဲ့တဲ့အတွက် ၉ လသားအရွယ် ကလေးတယောက် အပါအဝင် အပြစ်မဲ့ပြည်သူ ၃ ယောက် သေဆုံးခဲ့ရပါတယ်။


