Home
မြန်မာသတင်း
ဆေးရုံနှင့် ကျန်းမာရေးနေရာများကို တိုက်ခိုက်မှု BMA ရှုတ်ချ 
DVB
·
February 3, 2026
Photo: AA

စစ်အာဏာသိမ်းကာလ ၅ နှစ်ပြည့်မြောက်ချိန်အထိ မြန်မာနိုင်ငံမှာ စစ်တပ်က ကျန်းမာရေးကဏ္ဍအပေါ် တိုက်ခိုက်မှုတွေ ဆက်လုပ်နေတဲ့အပေါ် ဗြိတိသျှဆေးဘက်ဆိုင်ရာအသင်း (BMA) နဲ့ တော်ဝင်သူနာပြုကောလိပ် (RCN)တို့က ရှုတ်ချကြောင်း ဖေဖော်ဝါရီ ၂ ရက်မှာ ပူးတွဲ ထုတ်ပြန်ပါတယ်။

အခုအခါ ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတခု ဖြစ်နေတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေအပေါ် အလွန်အမင်း စိုးရိမ်ပူပန်နေကြောင်းနဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဆေးဘက်ဆိုင်ရာ အဆောက်အအုံတွေအပေါ် အဆက်မပြတ် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေမှုတွေနဲ့ ဒီအတွက်ကြောင့် ကျန်းမာရေးစနစ်ကြီး တခုလုံး ပြိုလဲလုနီးပါး ဖြစ်နေရတဲ့ အခြေအနေက အဓိက စိုးရိမ်ထိတ် လန့်စရာအချက်ဖြစ်နေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာတော့ စစ်တပ်က အာဏာသိမ်းပြီးချိန်ကတည်းက လက်နက်ကိုင်ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားခဲ့ပြီး အရပ်သားတွေ၊ အထူးသဖြင့် ဆန္ဒပြသူတွေနဲ့ ကျန်းမာရေး ပညာရှင်တွေဟာ မြန်မာစစ်တပ်ရဲ့ တိုက်ရိုက်နဲ့ ရက်စက်တဲ့ တိုက်ခိုက်မှုမှုတွေ၊ အကြောင်းမဲ့ ဖမ်းဆီးမှု၊ သတ်ဖြတ်မှုတွေကို ခံနေကြရတာပါ။

ကျန်းမာရေးကဏ္ဍအပေါ် တိုက်ခိုက်မှုတွေနဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေ ရယူနိုင်မှုအပေါ် ပိတ်ပင်တားဆီးမှုတွေက နေရာအနှံ့အပြား ရှိနေပြီး  အာဏာသိမ်းကာလ နှစ်တွေတလျှောက် ပိုမိုပြင်းထန်လာခဲ့တယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။ 

အဲဒီထဲမှာ ဆေးဘက်ဆိုင်ရာ အထောက်အပံ့ပစ္စည်းတွေကို သိမ်းဆည်းတာ၊ ဒါမှမဟုတ် ပိတ်ဆို့တာ၊ အကြမ်းဖက်မှုတွေနဲ့ ကျန်းမာရေးအဆောက်အအုံတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကြီးမားပြီး ပြန်လည်ကုစားမရနိုင်တဲ့ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့သလို ဆေးရုံဆေးခန်းတွေကို စစ်ရေးရည်ရွယ်ချက်တွေအတွက် အသုံးပြုခဲ့တာတွေလည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။

အဲဒီလုပ်ဆောင်ချက်တွေကြောင့် ကျန်းမာရေးဝန်ဆောင်မှုတွေ လျော့ကျသွားတာ၊ ဒါမှမဟုတ် လုံးဝရပ်ဆိုင်းသွားတာတွေ ဖြစ်ပေါ်ခဲ့ကာ အရပ်သားတွေအနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဆေးဝါးရရှိနိုင်မှုကို ကန့်သတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါက ဆေးဘက်ဆိုင်ရာ အဆောက်အအုံတွေ၊ ကျန်းမာရေးဝန်ထမ်းတွေကို တိုက်ခိုက်တာ၊ ဒါမှမဟုတ် နှောင့်ယှက်တာကနေ ကာကွယ်ရမယ်လို့ ပြဋ္ဌာန်းထားတဲ့ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေနဲ့ ဆေးဘက်ဆိုင်ရာ ကြားနေမှုမူဝါဒတို့ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က စတင်ပြီ မြန်မာနိုင်ငံမှာ ကျန်းမာရေးပညာရှင် ၇၀ ရာခိုင်နှုန်းကျော် နိုင်ငံအတွင်းက ထွက်ခွာသွားခဲ့ကြသလို ဒါက လုပ်သားအင်အားရဲ့ စွမ်းဆောင်ရည်ကို လျော့ကျစေပြီး ကျန်းမာရေးစောင့်ရှောက်မှု ရရှိနိုင်မှုကို ထိခိုက်စေတယ်လို့ လည်း ဆိုပါတယ်။

ဒါကြောင့် အာဏာသိမ်း စစ်တပ်အနေနဲ့ ဆေးဘက်ဆိုင်ရာ ကြားနေမှုမူဝါဒနဲ့ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေတို့အရ လိုက်နာရမဲ့ တာဝန်ဝတ္တရားတွေကို လေးစားဖို့ တိုက်တွန်းနှိုးဆော်ထားသလို ကျန်းမာရေးဝန်ထမ်းတွေ၊ ကျန်းမာရေးဆိုင်ရာ အခြေခံအဆောက်အအုံတွေ၊ လူနာတွေနဲ့ အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေကို ရပ်တန့်ရမှာဖြစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုကို အဟန့်အတားမရှိ ပေးဆောင််နိုင်ရမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကတော့ အကြမ်းဖက်စစ်ကောင်စီဟာ ဆေး ရုံဆေးခန်းတွေ အပေါ်လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကို အရင်နှစ်တွေထက် ၂၀၂၅ ခုနှစ်အတွင်းမှာ အကြိမ်ရေများစွာ တိုးမြှင့်ပြီးတော့ ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခု ဇန်နဝါရီ ၁ ရက်ကနေ ဒီဇင်ဘာ ၃၁ ရက်အထိ တနှစ်တာအတွင်းမှာ စစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေကြောင့် ပြည်သူပေါင်း ၉,၇၉၉ ယောက် သေဆုံးခဲ့တယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ ဇန်နဝါရီ ၁၂ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။

MOHR ရဲ့ ၂၀၂၅ ဒီဇင်ဘာ ၃၁ ရက်အထိ မှတ်တမ်းတင်ထားတဲ့ အချက်အလက်တွေအရ စစ်အုပ်စုဟာ တနိုင်ငံလုံးအနှံ့ လေကြောင်းတိုက်ခိုက်မှုပေါင်း ၄,၄၉၈ ကြိမ် ပြုလုပ်ခဲ့ပြီး လူပေါင်း ၄,၆၈၃ ယောက် သေဆုံးခဲ့ရတဲ့အပြင် စာသင် ကျောင်း၊ ဆေးရုံနဲ့ ဘာသာရေး အဆောက်အအုံများစွာကို ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013